MySport Myanmar

လပေါင်းများစွာ အနားယူပြီးမှ ဘောလုံး ပြန်ကစားနိုင်ခဲ့တဲ့ ပါတို

ဘရာဇီးလ် လက်ရွေးစင်ဟောင်း တိုက်စစ်မှူး အလက်ဇန်ဒါ ပါတိုဟာ ဒူးဒဏ်ရာဆိုးကြီးကြောင့် လပေါင်း (၁၁)လလောက်အထိ အနားယူခဲ့ရရင်း ဒီလို အခြေအနေဆိုးကို ဖြတ်သန်းနေရရင်းနဲ့ အခုတော့ ပါတို ဘောလုံးတောင် ပြန်ကစားနိုင်ပြီ ဖြစ်ပါတယ်။

Photo Credit : Breaking The Lines

အသက် (၃၃)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဝါရင့် ဘရာဇီးလ် ကစားသမား ပါတိုက အင်တာနေစီယွန်နယ် အသင်းမှာ စီနီယာ ကစားသမားဘဝကို စတင်ခဲ့ပြီး ၂၀၀၇ခုနှစ်မှာ အေစီမီလန်အသင်းဆီ ပြောင်းရွှေ့ဖြစ်ခဲ့ပါတယ်။ ပါတိုက မီလန်မှာ ပွဲပေါင်း (၁၅၀)ထိ ပါဝင် ကစားခဲ့ရင်း သွင်းဂိုး စုစုပေါင်း (၆၃)ဂိုး သွင်းယူခဲ့သလို မီလန်နဲ့ စီးရီးအေဖလား နဲ့ အီတလီ စူပါဖလားတို့ပါ ပိုင်ဆိုင်ခဲ့ပါသေးတယ်။ ဒါပေမယ့် အဲ့ဒီအချိန်ကတည်းက ဒဏ်ရာ ပြသာနာတွေ ရရှိလာခဲ့တဲ့ ပါတိုဟာ စွမ်းဆောင်ရည် ကျဆင်းမှုကြောင့် မီလန်ကနေ ကိုရင်သီယန်ဆီ အပြီးသတ် ရောင်းချခံရရင်း ဆော်ပေါ်လို ချယ်လ်ဆီးတို့ဆီ အငှား သွားရောက် ကစားပြီး အဲ့ဒီနောက် ဗီလာရီးယဲလ် တီယန်ဂျင်း ဆော်ပေါ်လို အော်လန်ဒိုတို့ဆီ ဆက်လက် ပြောင်းရွှေ့ဖြစ်ခဲ့ပါတယ်။

Photo Credit : MLS Soccer

ပါတိုက မေဂျာလိဂ်ကလပ် အော်လန်ဒို စီးတီးအသင်းမှာ ပါဝင်ကစားနေရင်းနဲ့ သူရဲ့ ဒူးဒဏ်ရာဆိုးကြောင့် အော်လန်ဒိုနဲ့ စာချုပ်ဖျက်သိမ်းခဲ့ရပြီး ပါတိုကလည်း (၁)နှစ်နီးပါးလောက်အထိ အနားယူခဲ့ရပါတယ်။ “ကျွန်တော် စိုးရိမ် ကြောင့်ကြနေခဲ့ရတယ်။ ကျွန်တော် အချိန်တစ်ခုကြာအောင်လည်း အသင်းလက်မဲ့ ဖြစ်ခဲ့ရတယ်။ ဒဏ်ရာကနေ ပြန်ကောင်းလာအောင်ပဲ လုပ်ဆောင်ခဲ့ရတယ်။ အခုလို ပြန်ကစားရတာကတော့ ပျော်ရွှင်စရာပါ။ ကျွန်တော်ရဲ့ အသင်းဖော်တွေ နဲ့ ကုထုံးပညာရှင်တို့ကို ကျေးဇူး အထူးတင်ရှိပါတယ်။ ကျွန်တော် အရမ်း ငိုကြွေးခဲ့ရပေမယ့် အခုတော့လည်း ပြုံးပျော်နေရပါပြီ” လို့ ပါတိုက ပြောဆိုသွားခဲ့ပါတယ်။

လက်ရှိမှာတော့ ပါတိုက ဆော်ပေါ်လိုအသင်းဆီ တတိယအကြိမ်မြောက်အဖြစ် ပြောင်းရွှေ့ထားခဲ့ပြီဖြစ်ပြီး (၁၀)ရက်နေ့ ကစားခဲ့တဲ့ ဘရာဇီးလ် စီးရီးအေ ပွဲစဉ်မှာပဲ (၁၁)မိနစ်ဝန်းကျင်လောက်အထိ ပါဝင်ကစားခဲ့ရပါတယ်။

Exit mobile version