ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ အာဆင်နယ်အသင်းရဲ့ အသစ်စက်စက် ကွင်းလယ်လူ ဖြစ်တဲ့ သောမတ်စ် ပါတေးဟာ မကြာခင်က ရရှိခဲ့တဲ့ ပေါင်ဒဏ်ရာ ကနေ ပြန်လည် သက်သာလာခဲ့ပေမယ့် ယနေ့ညမှာ ကစားမယ့် အာဆင်နယ် အသင်းနဲ့ ဝုဗ်အသင်းတို့ရဲ့ ပွဲစဉ်မှာ ပါဝင် နိုင်ဦးမှာ မဟုတ်ကြောင်း သိရပါတယ်။ အသက် ၂၇နှစ် အရွယ် ဂါနာလက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမား ပါတေးဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ အတွင်းမှာ စပိန် အင်အားကြီး ကလပ် အက်သလက်တီကို မက်ဒရစ် အသင်းကနေ အာဆင်နယ် အသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၄၅သန်းနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။

Photo Credit: Football London

ပါတေးဟာ အာဆင်နယ် အသင်းထံကို ယခုနှစ်မှ ရောက်ရှိတာ ဖြစ်ပေမယ့် အသင်းအတွက် ပရီးမီးယားလိဂ် ပွဲစဉ် ၄ပွဲနဲ့ ယူရိုပါလိဂ်ပွဲစဉ် ၁ပွဲ ပါဝင် ကစားပေးထားပြီး အချိန်တိုအတွင်း အဓိက ကစားသမား ဖြစ်လာသူပါ။ ဒါပေမယ့် ပါတေးဟာ နိုဝင်ဘာလ ၉ရက်နေ့မှာ ကစားခဲ့တဲ့ အာဆင်နယ် အသင်းက အက်စ်တွန်ဗီလာ အသင်းကို ၃-၀ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ပေါင်ဒဏ်ရာ ရရှိခဲ့တာကြောင့် လက်ရှိ အချိန်အထိ အနားယူ နေရပါတယ်။ လန်ဒန်မြို့ အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက် အရတော့ ပါတေးဟာ လက်ရှိမှာ ပေါင်ဒဏ်ရာ ကနေ ပြန်လည် သက်သာလာပေမယ့် ဒဏ်ရာ အကင်းမသေသေးတာကြောင့် အာဆင်နယ်အသင်းရဲ့ ဆေးအဖွဲ့ဟာ သူ့ကို ပြန်လည် ကစားခွင့် မပြုသေးပဲ လာမယ့် အပတ်မှာ ကစားမယ့် စပါးအသင်းနဲ့ ပွဲစဉ်မှသာ စတင် ပါဝင်နိုင်ဖွယ် ရှိကြောင်း သိရပါတယ်။

Photo Credit: Football London

ဝုဗ်အသင်းနဲ့ ပွဲစဉ်မှာတော့ အာဆင်နယ် အသင်း အတွက် ပါတေးအပြင် ပြီးခဲ့တဲ့ လိဒ်ယူနိုက်တက် အသင်းနဲ့ ပွဲစဉ်မှာ အနီကတ် ထိခဲ့တဲ့ တောင်ပံ ကစားသမား ပေပေဟာ ဝင်ရောက် ကစားပေးနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် အာဆင်နယ် အသင်းအတွက် အားတက်စရာ သတင်းတစ်ခု ကတော့ အသင်းရဲ့ အီဂျစ် ကွင်းလယ်လူ အယ်နီနီဟာ ဝုဗ်အသင်းနဲ့ ပွဲစဉ်မှာ ပြန်လည် ဝင်ရောက် ကစားပေးနိုင်ဖွယ် ရှိတဲ့ သတင်းပဲ ဖြစ်ပါတယ်။ ဝုဗ်အသင်းနဲ့ ပွဲစဉ်မှာတော့ အာဆင်နယ် အသင်းဟာ ပုံမှန်အတိုင်းပဲ ၃-၄-၃ ကစားဟန်ကို ဆက်လက် သုံးစွဲဖွယ် ရှိပြီး နောက်တန်းမှာ လူးဝစ် ၊ ဂါဘရီရယ် ၊ ချမ်ဘာ ၊ ကွင်းလယ် ၄ယောက်တန်းမှာ ဘယ်လာရင် ၊ ချာကာ ၊ အယ်နီနီ ၊ တီယာနေးနဲ့ တိုက်စစ်ပိုင်းမှာ လာကာဇက် ၊ ဆာကာနဲ့ အူဘာမီယန်းတို့ ပါဝင် လာနိုင်ပါတယ်။