ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ အာဆင်နယ်အသင်းရဲ့ ဂါနာ လက်ရွေးစင် ကွင်းလယ်လူ သောမတ်စ် ပါတေးဟာ မကြာသေးမီက ရရှိထားတဲ့ ပေါင်ဒဏ်ရာကြောင့် တနင်္ဂနွေနေ့ ည ၁၁နာရီ အချိန်မှာ ကစားမယ့် လိဒ်ယူနိုက်တက် အသင်းနဲ့ ကစားရမယ့် ပရီးမီးယားလိဂ် ပွဲစဉ်မှာ ပါဝင်နိုင်မှာ မဟုတ်ကြောင်း အာဆင်နယ် အသင်းက အတည်ပြု သွားခဲ့ပါတယ်။ အသက် ၂၇နှစ် အရွယ် ဂါနာ ကွင်းလယ်လူ ပါတေးဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ရဲ့ နောက်ဆုံး နေ့ရက်မှာ အက်သလက် တီကို မက်ဒရစ် အသင်းကနေ အာဆင်နယ် အသင်းထံကို ပြောင်းရွှေ့ကြေး ပေါင် ၄၅သန်းနဲ့ ရောက်ရှိလာသူ ဖြစ်ပြီး အသင်းထံ ရောက်ရှိပြီးချိန်မှာပဲ အသင်းရဲ့ အဓိက ကစားသမား ဖြစ်လာခဲ့ပါတယ်။

Photo Credit: Football London

ပါတေးဟာ အာဆင်နယ် အသင်းထံ ရောက်ရှိလာ အပြီးမှာ အသင်းအတွက် သွင်းဂိုး တစ်ဂိုးမှ သွင်းယူ‌ ပေးထားနိုင်ခြင်း မရှိပေမယ့် ပြိုင်ပွဲစုံမှာ ၅ပွဲအထိ ပါဝင် ကစားနိုင်ခဲ့သလို သူ ရောက်ရှိလာပြီး နောက်ပိုင်း မှာ အာဆင်နယ် အသင်းရဲ့ ကွင်းလယ် ခံစစ်ပိုင်းဟာ အတော်လေး တိုးတက် လာခဲ့ပါတယ်။ ဒါပေမယ့် ပါတေးဟာ အက်စ်တွန်ဗီလာ အသင်းကို ဂိုးပြတ် အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် လက်ရှိ အချိန်အထိ အနားယူနေရပြီး သူ့ရဲ့ ဒဏ်ရာဟာ သက်သာလာခြင်း မရှိတာကြောင့် လိဒ်ယူနိုက်တက် အသင်းနဲ့ ပွဲစဉ်ကို လွဲချော်မှာ ဖြစ်ကြောင်း အာဆင်နယ်အသင်းရဲ့ တာဝန်ရှိသူ တချို့က နောက်ဆုံး ပြုလုပ် ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောဆိုခဲ့ကြပါတယ်။

Photo Credit: Standard

လက်ရှိ အာဆင်နယ်အသင်းရဲ့ ကွင်းလယ်ပိုင်းမှာ အီဂျစ် ကွင်းလယ်လူ အယ်နီနီဟာ ကိုရိုနာ ဗိုင်းရပ် ကူးစက် ခံထားရသလို အသင်းရဲ့ စပိန် ကွင်းလယ်လူ စီဘယ်လော့စ်ဟာလည်း ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းမှာ အသင်းဖော် လူးဝစ်နဲ့ ခိုက်ရန် ဖြစ်ပွားထားတာကြောင့် ပါတေး မပါနိုင်တဲ့ ပွဲစဉ်မှာ အာဆင်နယ် အသင်း အနေနဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်ရ နိုင်ပါတယ်။ တစ်ဖက်မှာလည်း အာဆင်နယ်အသင်း ရင်ဆိုင်ရမယ့် လိဒ်ယူနိုက်တက် အသင်းဟာ လက်ရှိ ဘောလုံးရာသီမှာ တန်းတက်လာတဲ့ အသင်းသုံးသင်း အနက် ခြေစွမ်းပိုင်း အကောင်းဆုံး ဖြစ်နေတာကြောင့် အဝေးကွင်း ရောက်သွားရင် ခြေစွမ်း အနည်းငယ် ယိမ်းယိုင် သွားတတ်တဲ့ အာဆင်နယ် အသင်း အနေနဲ့ ပါတေး မပါနိုင်တဲ့ အနေအထားမှာ ရုန်းကန်ရဖွယ် ရှိနေပါတယ်။