MySport Myanmar

ဇန်နဝါရီမှာ အာဆင်နယ်ကနေ ထွက်ခွာသွားဖွယ် ရှိနိုင်တဲ့ ပါတေး

အာဆင်နယ်အသင်းရဲ့ ဂါနာ ကွင်းလယ်ကစားသမား သောမတ်စ် ပါတေးဟာ လာမယ့် ဇန်နဝါရီလ ဆောင်းရာသီ အပြောင်းအရွှေ့ ဈေးကွက်အတွင်းမှာပဲ အသင်းကနေ ထွက်ခွာသွားနိုင်ဖွယ် ရှိနေတယ်လို့ Daily Mail ကနေ ဖော်ပြလာခဲ့ပါတယ်။

အသက် (၃၀)အရွယ် ဂါနာ လက်ရွေးစင် ကွင်းလယ်လူ ပါတေးဟာ ဒီရာသီမှာ အာဆင်နယ်အတွက် ပြိုင်ပွဲစုံ (၅)ပွဲသာ ကစားထားနိုင်ခဲ့ပြီး ဒဏ်ရာ ပြသာနာတွေ ကြံခိုင်မှု မပြည့်ဝမှုတွေကြောင့် မကြာခဏ အနားယူနေရပါတယ်။

Photo Credit : Goal

ရာသီအစ (၄)ပွဲဆက်တိုက်အထိ ပါဝင်ကစားနိုင်ခဲ့တဲ့ ပါတေးဟာ အခုဆိုရင် အာဆင်နယ်အသင်းရဲ့ ပွဲပေါင်း (၁၂)ပွဲဆက်တိုက်အထိ လွဲချော်နေရပြီး အသင်းကလည်း ကွင်းလယ်မှာ ဒက်ကလန်ရိုက်စ် ဂျော်ဂျင်ဟို ဗီယာရာ အိုဒီဂတ်တို့ကိုသာ အသုံးပြုနေရပါတယ်။

အသက်လက်တီကိုမှာ ပါဝင်ခဲ့စဉ်တုန်းက ဒဏ်ရာကြောင့် ပွဲအနည်းငယ်လေးသာ လွဲချော်ခဲ့ရဖူးတဲ့ ပါတေးဟာ အာဆင်နယ်မှာ ကစားနေစဉ်မှာတော့ စုစုပေါင်း (၃၉)ပွဲအထိတောင် လွဲချော်ထားခဲရပြီး အသင်းကလည်း သူရဲ့ ဒဏ်ရာ အခြေအနေ နဲ့ ကြံခိုင်မှု အခြေအနေတွေကို စိုးရိမ်စပြုလာပါတယ်။

Photo Credit : Eurosport

ပါတေးအနေနဲ့ကလည်း သူရဲ့ ပွဲကစားခွင့်တွေ နည်းပါးလာနိုင်တာကို သတိထားမိလာတဲ့အတွက် လာမယ့် ဆောင်းဈေးကွက်မှာပဲ အသင်းကနေ ထွက်ခွာသွားဖို့ ရှိနေပြီး လတ်တလောမှာတော့ အသင်းဟောင်း အသက်လက်တီကို ပါတေးကို ပြန်လည် ခေါ်ယူချင်နေပါတယ်။

ဒါပေမယ့် ပါတေးကို ဂျုဗင်တပ်စ် အပါအဝင် ဆော်ဒီကလပ်အသင်းတွေကလည်း စိတ်ဝင်စားနေတာကြောင့် ပါတေးအနေနဲ့ ဘယ်အသင်းကို ရွေးချယ်သွားမလဲ အာဆင်နယ်ကရော ပါတေးလို အသင်းအတွက် အရေးပါနေသေးတဲ့ ကစားသမားမျိုးကို ရောင်းထုတ်သွားနိုင်မလားဆိုတာ စောင့်ကြည့်သွားရပါမယ်။

Exit mobile version