ပရီးမီးယားလိဂ် နာမည်ကြီး အသင်းဖြစ်တဲ့ အာဆင်နယ်အသင်းရဲ့ အသစ်စက်စက် ကွင်းလယ်ခံစစ် ကစားသမား ဖြစ်တဲ့ ပါတေးကတော့ ယခုတစ်ပတ်မှာ ကစားရမယ့် မန်စီးတီးအသင်းနဲ့ ပွဲစဉ်မှာ အသင်းသစ် အတွက် ပထမဦးဆုံး ပါဝင် ကစားပေးဖို့ အသင့် ဖြစ်နေပြီ လို့ ထုတ်ဖော် ပြောကြား သွားခဲ့ပါတယ်။ အသက် ၂ရနှစ် အရွယ် ဂါနာလက်ရွေးစင် ပါတေးဟာ နွေရာသီ အပြောင်းအရွှေ့ရဲ့ နောက်ဆုံး နေ့ရက်မှာမှ စာချုပ် ဖျက်သိမ်းကြေး ပေါင် ၄၅သန်းနဲ့ စပိန်ကလပ် အက်သလက်တီကို မက်ဒရစ်အသင်း ကနေ အာဆင်နယ် အသင်းထံ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး အာဆင်နယ်အသင်းနဲ့ ၅နှစ် သက်တမ်းရှိတဲ့ စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့သူပဲ ဖြစ်ပါတယ်။

Photo Credit: Sky Sports

ပါတေးဟာ အပြောင်းအရွှေ့ရဲ့ နောက်ဆုံးနေ့ရက်မှာ အာဆင်နယ် အသင်းထံ ရောက်လာခဲ့သူ ဖြစ်ပေမယ့် အသင်းနဲ့ စာချုပ် ချုပ်ဆိုအပြီးမှာပဲ နိုင်ငံ လက်ရွေးစင်အသင်းနဲ့ သွားရောက် ပူးပေါင်းခဲ့ရတာကြောင့် အသင်းဖော်သစ်တွေနဲ့ လက်ရှိ အချိန်အထိ လေ့ကျင့်ခန်း မဆင်းရသေးပါဘူး။ ဒါ့ကြောင့် ပါတေး အနေနဲ့ ယခုတစ်ပတ်မှာ ကစားရမယ့် မန်စီးတီးအသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ ပွဲစဉ်မှာ ပါဝင် ကစားရဖွယ် မရှိဘူး လို့ လန်ဒန်မြို့ အခြေစိုက် သတင်းဌာနတွေက ခန့်မှန်းထားကြပေမယ့် ပါတေး ကတော့ သူဟာ မန်စီးတီး အသင်းနဲ့ ရင်ဆိုင်ကစားဖို့ အဆင်သင့်ဖြစ်နေပြီး သူ့ကို အသုံးပြုမလား ၊ အသုံးမပြုဘူးလား ဆိုတာကိုတော့ နည်းပြဖြစ်သူကသာ ဆုံးဖြတ်မှာ ဖြစ်ကြောင်း ပြောကြား သွားခဲ့ပါတယ်။

Photo Credit: Sky Sports

မန်စီးတီးအသင်းနဲ့ ပွဲစဉ်မှာ ပါဝင်ကစားဖို့ အဆင်သင့် ဖြစ်နေကြောင်းကို ပါတေးက “ ကျွန်တော်က ပွဲကြီး ပွဲကောင်းတွေမှာ ပါဝင် ကစားချင်ပါတယ်။(မန်စီးတီးနဲ့ပွဲကို ရည်ရွယ်လျက်) ဒါပေမယ့် ကျွန်တော် ကစားရမလား ၊ မကစားရဘူးလား ဆိုတာက နည်းပြရဲ့ ဆုံးဖြတ်ချက်နဲ့ပဲ သက်ဆိုင်ပါလိမ့်မယ်။ ကျွန်တော်က အသင်းနဲ့အတူ ရှိနေဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ အတူတကွ လေ့ကျင့်ခန်း ဆင်းပြီးရင်တော့ ဘာတွေ ဖြစ်လာမလဲ ဆိုတာ စောင့်ကြည့်ကြတာပေါ့။ ဒါတွေက မီကယ်(အာတီတာ)ရဲ့ ဆုံးဖြတ်ချက်ပါပဲ။ ကျွန်တော်က အခုမှ အသင်းဆီ ရောက်လာတာပါ။ ကျွန်တော်က လေ့ကျင့်မှုတွေ ပြုလုပ်ထားပေမယ့် အသင်းရဲ့ ကစားပုံနဲ့ အံဝင်အောင် လုပ်ဖို့ လိုအပ်နေပါသေးတယ်။ ကျွန်တော်က အသင်းနဲ့အတူ ခပ်မြန်မြန် အသားကျသွားဖို့ မျှော်လင့်ထားပါတယ် “ ဆိုပြီး ပြောကြား သွားတာပါ။