အာဆင်နယ်အသင်းကတော့ ယနေ့မနက်မှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အက်စတွန်ဗီလာ အသင်းကို အိမ်ကွင်းမှာ ၃-၀ ဂိုး ဖြင့် အရှက်တကွဲ ရှုံးနိမ့်ခဲ့ရပါတယ်။ ထိုပွဲစဉ်မှာ အာဆင်နယ် ကွင်းလယ်ကစားသမား သောမတ်စ်ပါတေး ကလည်း ပေါင်ဒဏ်ရာ ရရှိသွားတယ်လို့ ယူဆရပြီး စစ်ဆေးမှုတွေ ခံယူသွားရဖို့ ရှိနေပါတယ်။ ပါတေး အနေနဲ့ အခုလို ဒဏ်ရာ ရရှိခဲ့တာကြောင့် လာမယ့် အာဖရိက ဖလား ပွဲစဉ်မှာ မိခင်နိုင်ငံ ဂါနာ အတွက် ပါဝင်ကစားနိုင်ဖို့ ကြံ့ခိုင်မှုရှိမရှိ စိတ်ပူစရာပဲ ဖြစ်ပါတယ်။ ဂါနာ အသင်းဟာ လာမယ့် ကြာသပတေးနေ့မှာ ဆူဒန် နဲ့ ကစားသွားရမှာ ဖြစ်ပါတယ်။

Photo Credit: Mirror

သောမတ်စ် ပါတေး အနေနဲ့ ကွင်းအတွင်းမှာ သူ့ရဲ့ ဘယ်ဘက်ပေါင်ကို ကိုင်ထားခဲ့တာကို မြင်ခဲ့ရပြီးတော့ အဆိုပါ အခြေအနေကြောင့် အာဆင်နယ် နည်းပြ မိုက်ကယ်အာတီတာ က ပထမပိုင်း အပြီးမှာ ဆီဘာလို့စ် နဲ့ လူစားလဲဖို့ ဆုံးဖြတ်ချက် ချမှတ်ခဲ့ရပါတယ်။ သောမတ်စ် ပါတေးဟာ အာဆင်နယ်အသင်းကို ပြီးခဲ့တဲ့အပြောင်းအရွှေ့ကာလ တုန်းက အက်သလက်တီကို မက်ဒရစ်အသင်းကနေ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ ပါတေး ကိုလူစားလဲထိုးခဲ့ရတဲ့ အကြောင်းအရင်းက နည်းစနစ်ပိုင်းကြောင့်မဟုတ်ပဲ ဒဏ်ရာပြဿနာကြောင့်သာ ဖြစ်နိုင်တယ်လို့ ခန့်မှန်းရပါတယ်။ အသက် ၂၇ နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ ကွင်းလယ် ကစားသမား သောမတ်စ် ပါတေးဟာ အက်စတွန်ဗီလာနဲ့ ပွဲစဉ်မှာ အာဆင်နယ် အသင်းအတွက် ပထမပိုင်းသာ ကစားပေးခဲ့နိုင်ပေမယ့် ဘောလုံးပေးပို့မှုပေါင်း ၃၆ ကြိမ်ပြုလုပ်နိုင်ခဲ့သလို တိကျမှုပိုင်းကလည်း ၈၀.၆ ရာခိုင်နှုန်း ရှိခဲ့ကာ ဂိုးပေါက်တည့်မတ်မှု တစ်ကြိမ် ပြုလုပ်နိုင်ခဲ့တဲ့ ကစားသမား ဖြစ်ပါတယ်။

Photo Credit: Mirror

နည်းပြ အာတီတာကတော့ ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။ “ ကျွန်တော်တို့ အဲ့ဒါက ဘယ်လောက်ထိ ဖြစ်သွားလဲဆိုတာ မသိပါဘူး။ ကျွန်တော်တို့ သူ့ကို တနင်္လာနေ့ ဒါမှမဟုတ် နောက်တစ်ရက်မှာ စစ်ဆေးမှုတွေ ပြုလုပ်သွားပါမယ်။ စစ်ဆေးပြီးသွားမှပဲ သူ့ဒဏ်ရာ အခြေအနေက ဘယ်လောက်ပြင်းထန်လည်း ဆိုတာ သိရမှာပါ။ အခုတော့ ဒဏ်ရာပြဿနာက ဘယ်လောက်ဆိုးလဲ ဆိုတာကို စောင့်ကြည့်ကြတာပေါ့။ သူ ဂါနာ အသင်းအတွက် ကစားပေးနိုင်မလားဆိုတာကိုလည်း ကျွန်တော် သေချာမသိပါဘူး။ ကျွန်တော်ပြောခဲ့သလိုပဲ ဆရာဝန်တွေက သူ့ကို စစ်ဆေးရပါအုန်းမယ်။ အဲ့ဒါပြီးမှ ကျွန်တော်တို့ သူနဲ့ ပတ်သက်ပြီး ဘာလုပ်သင့်လဲဆိုတာကို ဆုံးဖြတ်ချက်ချရပါလိမ့်မယ် ” လို့ ဆိုခဲ့ပါတယ်။