ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်း ဖြစ်တဲ့ အာဆင်နယ်အသင်းရဲ့ ပစ်မှတ် ကစားသမား တစ်ဦးဖြစ်တဲ့ အက်သလက်တီကိုမက်ဒရစ် အသင်းရဲ့ ကွင်းလယ်လူ သောမတ်စ်ပါတေး ဟာ အာဆင်နယ်အသင်းထံကို ပြောင်းရွှေ့လို နေပြီ ဖြစ်ကြောင်း သူနဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတွေကို ဖွင့်ဟပြောကြားခဲ့တယ်လို့ သိရပါတယ်။ အသက်၂၆နှစ်အရွယ် သောမတ်စ် ပါတေးဟာ အက်သလက်တီကို မက်ဒရစ် အသင်းနဲ့အတူ ဥရောပရဲ့ အကောင်းဆုံး ကွင်းလယ်ခံစစ် ကစားသမားတွေထဲက တစ်ဦး ဖြစ်ကြောင်းကို သက်သေပြထားနိုင်သူ ဖြစ်ပြီး သူ့ရဲ့ ခံစစ်စွမ်းဆောင်ရည်ကြောင့် အာဆင်နယ် အသင်းရဲ့ နည်းပြဖြစ်သူ အာတီတာဟာ သူ့ကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားလာခဲ့တာပါ။

Photo Credit: Metro.com

လက်ရှိ အာဆင်နယ်အသင်းရဲ့ ကွင်းလယ် ခံစစ်ပိုင်းကို ချာကာ ၊ တော်ရဲယား အစရှိတဲ့ ကစားသမားတွေက တာဝန်ယူထားကြပြီး ချာကာဟာ ကွင်းလယ်ခံစစ် ကစားသမားတစ်ဦး အဖြစ် ခြေစွမ်းပြသနိုင်ခြင်း မရှိသလို တော်ရဲယားဟာလည်း ခံစစ်စွမ်းဆောင်ရည် ကောင်းပေမယ့် အမြင့်ဘောရှင်းထုတ်နိုင်မှု အားနည်းတာကြောင့် အာတီတာအနေနဲ့ ကွင်းလယ်ခံစစ် နေရာအတွက် ခေါင်းခြောက်နေရပါတယ်။ ပါတေးကတော့ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ပွဲကောင်း တစ်ပွဲတွေထဲက တစ်ခုဖြစ်တဲ့ အက်သလက်တီကို မက်ဒရစ်အသင်းနဲ့ လီဗာပူးအသင်းတို့ရဲ့ ပွဲမှာ လီဗာပူးအသင်းရဲ့ တိုက်စစ်ပိုင်းကို ဟန့်တားသွားနိုင်ခဲ့ပြီး သူ့ရဲ့ ခြေစွမ်းတွေကြောင့် ပဲ အာတီတာဟာ လာမယ့်နွေရာသီမှာ ပါတေးကို ခေါ်ယူဖို့ ကြိုးစားလာတာပါ။

Photo Credit: Metro.com

လက်ရှိ ထွက်ပေါ်နေတဲ့ သတင်းတွေအရ အာဆင်နယ်အသင်းဟာ ပါတေးကို ခေါ်ယူဖို့ အတွက် အက်သလက်တီကို မက်ဒရစ်အသင်းနဲ့ ဆွေးနွေးမှုတွေကို ဆက်တိုက်ပြုလုပ်နေပြီး ဆွေးနွေးမှုတွေဟာလည်း အပေါင်းလက္ခဏာ ဆောင်နေတယ်လို့ သိရပါတယ်။ Telegraph သတင်းဌာနရဲ့ အဆိုအရတော့ ပါတေးဟာ အာဆင်နယ်အသင်းထံကို ပြောင်းရွှေ့ဖို့အတွက် သဘောတူညီလိုက်ပြီ ဖြစ်သလို သူ့နဲ့ ရင်းနှီးတဲ့ သူတွေကိုလည်း အာဆင်နယ်အသင်းထံ ပြောင်းရွှေ့မယ့်အကြောင်း ပြောပြထားတယ်လို့ သိရပြီး အာဆင်နယ်အသင်းဟာ ပါတေးအတွက် လာကာဇက်ကို အလိုက်ပေးကမ်းလှမ်းနိုင်သလို ပါတေးရဲ့ စာချုပ်ဖျက်သိမ်းကြေးဖြစ်တဲ့ ပေါင် ၄၃သန်းကို ပေးချေရမယ်လို့လည်း Telegraph သတင်းဌာနက သုံးသပ်ထားပါတယ်။