ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်အသင်းရဲ့ အဓိက ကွင်းလယ်လူ တဦး အဖြစ် သတ်မှတ်ခံထားရတဲ့ သောမတ် ပါတေး ကတော့ သူဟာ အက်သလက်တီကို မက်ဒရစ်အသင်း ကနေ အာဆင်နယ်အသင်းထံ ပြောင်းရွှေ့လာခဲ့ပြီးနောက် အသင်းအတွက် ရာနှုန်းပြည့် ပေးဆပ် ကစားနိုင်ခြင်း မရှိသေးကြောင်း ဝန်ခံသွားခဲ့ပါတယ်။

အသက် ၂၈နှစ် အရွယ် ဂါနာလက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမား ပါတေးဟာ ၂၀၂၀ခုနှစ် နွေရာသီ အပြောင်းအရွှေ့ကမှ အက်သလက်တီကို မက်ဒရစ်အသင်း ကနေ အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၅၀သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။

Photo Credit: Standard

ပါတေးဟာ အာဆင်နယ်အသင်း အတွက် ၂နှစ် အတွင်းမှာ စုစုပေါင်း ပြိုင်ပွဲစုံ ၄၅ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁ဂိုးသာ သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှုလည်း ၃ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒါကြောင့်လည်း အာဆင်နယ်အသင်းရဲ့ ပရိသတ်တွေက ပါတေးဟာ ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်တဲ့ ခြေစွမ်းမျိုး ပြသထားနိုင်ခြင်း မရှိသေးကြောင်း ဝေဖန်နေကြပြီး ပါတေးကလည်း သူဟာ အာဆင်နယ်အသင်း အတွက် ရာနှုန်းပြည့် ပေးဆပ် ကစားထားနိုင်ခြင်း မရှိသေးကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။

Photo Credit: Standard

ပါတေးက – “အာဆင်နယ် ကစားသမားဘဝ ကျွန်တော့်ရဲ့ ခြေစွမ်းပိုင်းကို မှတ်ချက်ချရမယ် ဆိုရင် ၁၀မှတ်က အမှတ်ပြည့်ဆိုရင် ၄မှတ်ပဲ ပေးချင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ တခါတလေ ကျွန်တော်က ပြိုင်ဘက်အသင်းတွေကို ထိုးနှက်နိုင်မယ့် အခွင့်အရေးမျိုး ရခဲ့ပေမယ့် အခွင့်အရေးကို အပြည့်အဝ အသုံးမချနိုင်ခဲ့သလို တခါတလေကျ ကျွန်တော့်မှာ အာရုံစူးစိုက်မှု လျော့နည်းခဲ့ရတဲ့ အချိန်တွေလည်း ရှိပါတယ်။ ပြီးတော့ စိတ်ဓာတ်ကျမိတဲ့ အချိန်တွေ ရှိခဲ့ပါသေးတယ်။ ဒါပေမယ့် အဲ့ဒီလို အချိန်တွေဆိုရင် အသင်းအတွက် ဒီထက်ပိုကောင်းအောင် လုပ်ဖို့ လိုအပ်နေပြီ ဆိုတာကို နားလည်လာပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။