ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်း တဦး ဖြစ်သူ ရေးပါလာကတော့ သူ့ရဲ့ အသင်းဟောင်း အာဆင်နယ်အသင်းဟာ ဘရိုက်တန်အသင်းရဲ့ ကွင်းလယ်လူ ဘစ်ဆူမားကို ခေါ်ယူသင့်ကြောင်း အကြံပေးသွားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ရမ်စဒယ် ၊ ဘန်ဝှိုက် ၊ တာဗာရက်စ် ၊ တိုမီယာဆု ၊ လိုကွန်ညာ ၊ အိုဒီဂတ် စတဲ့ ကစားသမားတွေကို ပြောင်းရွှေ့ကြေး ပေါင် ၁၅၀သန်း နီးပါး အသုံးပြုကာ အသင်းကို အင်အားဖြည့်တင်းထားပေမယ့် ကွင်းလယ်ပိုင်း အားနည်းချက် တချို့ ရှိနေသေးပြီး ပါတေး ၊ ချာကာနဲ့ လိုကွန်ညာတို့ သုံးဦးထဲသာ ရှိနေတဲ့ ကွင်းလယ်ဗဟိုနေရာ အတွက် ကစားသမား တဦး ခေါ်ယူဖို့ လိုအပ်နေပါသေးတယ်။

Photo Credit: The Sun

အသက် ၂၄နှစ် အရွယ်သာ ရှိသေးတဲ့ မာလီလက်ရွေးစင် ကွင်းလယ်လူ ဘစ်ဆူမားကတော့ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာရော ယခုနှစ် ဘောလုံးရာသီမှာပါ ဘရိုက်တန်အသင်းရဲ့ မရှိမဖြစ် ကစားသမား တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ ကစားသမား တဦး ဖြစ်ပြီး သူ့ရဲ့ ဘောလုံးလုယူနိုင်စွမ်းနဲ့ ဘောလုံးဖြန့်ဝေမှုတို့က လက်ရှိ အာဆင်နယ်အသင်းရဲ့ ကွင်းလယ်လူတွေ ဖြစ်တဲ့ ချာကာနဲ့ လိုကွန်ညာတို့ထက် ပိုမို ကောင်းမွန်နေပါတယ်။

ဒါကြောင့်လည်း အာဆင်နယ်အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်း ဖြစ်သူ ရေးပါလာက သူ့ရဲ့ အသင်းဟောင်းဟာ ဘစ်ဆူမားကို ခေါ်ယူဖို့ အတွက် ကြိုးစားသင့်ကြောင်းနဲ့ ဘစ်ဆူမားဟာ ထိပ်တန်း ကွင်းလယ်လူ တဦး ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

Photo Credit: The Sun

ရေးပါလာက – “ကျွန်တော်က ဒီစကားကို ပြောခဲ့တာ ကြာပါပြီ။ ဘစ်ဆူမားဟာ ထိပ်တန်း ကွင်းလယ်လူ တဦးပါ။ ကျွန်တော် သူ့ကို အာဆင်နယ်အသင်းမှာ မြင်တွေ့ချင်ပါတယ်။ ကျွန်တော် ဒီစကားကို ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာလည်း ပြောခဲ့ပြီးပါပြီ။ သူ့မှာ ထိပ်တန်း ကွင်းလယ်လူ တဦးရဲ့ အရည်အသွေးတွေ အားလုံး ရှိနေပါတယ်။ သူက ဘောလုံးကို ကောင်းကောင်း ထိန်းချုပ်နိုင်တယ်။ ပြီးတော့ ပေးပို့မှုတွေကလည်း ထိပ်တန်းအဆင့်ပါပဲ။ ကျွန်တော်ကတော့ သူဟာ ဂိုးတွေ ပိုပြီး သွင်းနိုင်သင့်တယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ဘရိုက်တန်အသင်းမှာ သူ ကစားရတဲ့ နေရာက ဂိုးသွင်းရမယ့် နေရာ မဟုတ်ပါဘူး။ သူက အသင်းရဲ့ ကစားကွက် အတွက် လိုအပ်တဲ့ အရာမှန်သမျှကို လုပ်ပေးနေတဲ့ ကစားသမားပါ” လို့ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။