ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သူ ပေါလ်ပါကား ကတော့ မန်ချက်စတာ ယူနိုက်တက်အသင်း အနေနဲ့ ယနေ့ညမှာ ယှဉ်ပြိုင် ကစားရမယ့် စပါးအသင်းနဲ့ ပွဲစဉ်မှာ ရလဒ်ကောင်းတွေ ရချင်ရင် လတ်တလောမှာ ပုံမှန်ခြေစွမ်း ပြသနိုင်ဖို့ ရုန်းကန်နေရတဲ့ မက်ဂွိုင်းယားကို အရန်ခုံ ပို့ဖို့ လိုအပ်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ယခုနှစ် ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်နိုင်မယ့် အသင်းတွေထဲက တသင်း အဖြစ် သတ်မှတ်ခံခဲ့ရပေမယ့် နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၄ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေသလို အဆိုပါ ၄ပွဲမှာလည်း ရမှတ် ၁မှတ်သာ ရရှိခဲ့ပါတယ်။

Photo Credit: Talksport

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြ ဆိုးလ်ရှားရဲ့ အနာဂတ်ဟာ လှုပ်ခါလာသလို မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကစားသမား အများစုကလည်း ဝေဖန်မှုတွေနဲ့ ကြုံတွေ့နေရပါတယ်။ အထူးသဖြင့် နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၂ပွဲမှာ ပေးဂိုး ၉ဂိုး အထိ ခွင့်ပြုခဲ့ရတာကြောင့် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ခံစစ်ကြောင်းကို ဦးဆောင်တဲ့ အသင်းခေါင်းဆောင် မက်ဂွိုင်းယားနဲ့ ဘယ်နောက်ခံလူ လုခ်ရှောတို့ဟာ ပြင်းထန်တဲ့ ဝေဖန်မှုတွေကို ခံထားရပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်း တဦး ဖြစ်သူ ပေါလ် ပါကားက သူ့ရဲ့ အသင်းဟောင်း အနေနဲ့ ပေးဂိုးတွေ များပြားနေတာဟာ အသင်းခေါင်းဆောင် မက်ဂွိုင်းယားရဲ့ ညံ့ဖျင်းမှုတွေကြောင့် ယူဆနေပြီး စပါးအသင်းနဲ့ပွဲစဉ်မှာ မက်ဂွိုင်းယားကို အရန်ခုံပို့ပြီး နောက်ထပ် ဗဟိုခံစစ် ကစားသမားတွေ ဖြစ်တဲ့ လင်ဒီလော့ဖ်နဲ့ ဗာရန်းတို့ အတွဲကို ထုတ်သုံးဖို့ ဆိုးလ်ရှားကို အကြံပေးသွားခဲ့ပါတယ်။

Photo Credit: Talksport

ပါကားက – “ တကယ်လို့ ဗာရန်းကသာ ကြံ့ခိုင်မှု ပြည့်ဝနေမယ်ဆိုရင် ဗာရန်းနဲ့ လင်ဒီလော့ဖ်တို့ရဲ့ အတွဲကို စပါးအသင်းနဲ့ ပွဲစဉ်မှာ အသုံးပြုသင့်ပါတယ်။ လင်ဒီလော့ဖ်က လီဗာပူးနဲ့ပွဲမှာ တခြား ခံစစ်မှူး သုံးဦးထက် ပိုကောင်းတဲ့ ခြေစွမ်းတွေကို ပြသနိုင်ခဲ့သူပါ။ မက်ဂွိုင်းယားနဲ့ လုခ်ရှောတို့ရဲ့ ဘယ်ခြမ်းခံစစ် ကတော့ အတော်လေးကို ဆိုးရွားခဲ့ပါတယ်။ သူတို့က တယောက်ကို တယောက် မကာကွယ်နိုင်ခဲ့သလို တယောက်နဲ့ တယောက်လည်း နားလည်မှု မရှိကြပါဘူး။ ဗာရန်းနဲ့ လင်ဒီလော့ဖ် အတွဲကို သုံးလိုက်ရုံနဲ့ ယူနိုက်တက်က ဂိုးမပေးရတဲ့ ပွဲစဉ်တပွဲကို ပိုင်ဆိုင်သွားလိမ့်မယ်လို့ ကျွန်တော် မပြောချင်ပါဘူး။ ဒါပေမယ့် ဒီအတွဲနဲဆိုရင် သူတို့အနိုင်ရလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်” ဆိုပြီး ပြောကြားခဲ့တာပါ။