ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ကစားသမားဟောင်း တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင်နေတဲ့ ပေါလ် ပါကားကတော့ မန်ယူဟာ ယခု ဆောင်းဈေးကွက် အတွင်းမှာ တိုက်စစ်မှူး တဦးကို ခေါ်ယူချင်ရင် အက်သလက်တီကို မက်ဒရစ်ရဲ့ တိုက်စစ်မှူး ဂျာအို ဖီးလစ်အစား ပရီးမီးယားလိဂ်နဲ့ အသားကျပြီးသား ဖူလ်ဟမ် တိုက်စစ်မှူး မီထရိုဗစ်ကို ခေါ်ယူသင့်ကြောင်း တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က အသင်းရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ဖြစ်သူ ခရစ္စတီယာနို ရိုနယ်ဒိုနဲ့ နှစ်ဦးသဘောတူ လမ်းခွဲခဲ့ပြီးနောက် ဆောင်းဈေးကွက် အတွင်းမှာ တိုက်စစ်မှူးသစ် တဦး ခေါ်ယူဖို့ စီစဉ်ထားပြီး သူတို့အသင်းရဲ့ ဘတ်ဂျက် အခြေအနေ အရ အရည်အသွေးမြင့် ထိပ်တန်း တိုက်စစ်မှူးတွေထက် ပြောင်းရွှေ့ကြေး နည်းနည်း (သို့) အငှားနဲ့ ရမယ့် တိုက်စစ်မှူးတွေကိုသာ ခေါ်ယူဖို့ ပစ်မှတ်ထား ကြိုးပမ်းနေပါတယ်။

Photo Credit: Mirror

ဒါကြောင့်လည်း မန်ချက်စတာ ယူနိုက်တက်က အက်သလက်တီကို မက်ဒရစ်ရဲ့ တိုက်စစ်မှူးတွေ ဖြစ်တဲ့ ဂျာအို ဖီးလစ်နဲ့ မိုရာတာတို့ကို အငှားနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပြီး အက်သလက်တီကို မက်ဒရစ်ကတော့ မိုရာတာထက် ဂျာအို ဖီးလစ်ကိုသာ မန်ချက်စတာ ယူနိုက်တက်ဆီ အငှားကြေး ယူရို ၈သန်းနဲ့ ရာသီဝက် အငှားချဖို့ စဉ်းစားနေပါတယ်။

မန်ချက်စတာ ယူနိုက်တက်ရဲ့ ကစားသမားဟောင်း တဦး ဖြစ်သူ ပါကားကတော့ မန်ချက်စတာ ယူနိုက်တက်ဟာ ဖီးလစ်ကို အငှားနဲ့ ခေါ်ယူမယ့် အစား ပရီးမီးယားလိဂ်မှာ အတွေ့အကြုံ ရှိသလို လတ်တလောမှာ ဂိုးသွင်းခြေ တွေ့နေတဲ့ ဖူလ်ဟမ် တိုက်စစ်မှူး မီထရိုဗစ်ကိုသာ ခေါ်ယူသင့်ကြောင်း ဆိုလာပါတယ်။

Photo Credit: Mirror

ပါကားက – “မန်ယူကသာ မီထရိုဗစ်ကို ခေါ်လိုက်နိုင်ရင် ဂိုးဧရိယာထဲ ဘောလုံးရောက်တာနဲ့ မီထရိုဗစ်က ဂိုးသွင်းယူနိုင်မယ့် ရာခိုင်နှုန်း အများကြီး ရှိပါတယ်။ မီထရိုဗစ်က အရင်ထက် ပိုထက်မြက်လာသလို တဖက် နောက်ခံလူတွေရဲ့ ခေါင်းထဲမှာ ဘာတွေ တွေးနေမလဲ ဆိုတာကိုပါ ကြိုတွေးလာနိုင်ပါတယ်။ ဒါကြောင့် သူက မန်ချက်စတာ ယူနိုက်တက်ရဲ့ အရေးပါတဲ့ ကစားသမား တဦး ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် သူ့ကို ခေါ်မယ် ဆိုရင်တော့ ကြေးကြီးကြီး ပေးရနိုင်ပါတယ်။ ဖူလ်ဟမ်က သူတို့ရဲ့ အရေးပါတဲ့ ကစားသမားကို လွယ်လွယ်လေး လက်လွှတ်မယ် မထင်ပါဘူး။ တကယ်လို့ မီထရိုဗစ်သာ မရှိတော့ရင် ဖူလ်ဟမ်ရဲ့ ဂိုးရနိုင်ချေက ၇၀ရာခိုင်နှုန်းလောက် နည်းပါးသွားပါလိမ့်မယ်။ ဖူလ်ဟမ်နဲ့ မန်ယူ ကစားတဲ့အခါ မီထရိုဗစ်ကသာ ဖူလ်ဟမ်ဘက်မှာ ပါနေရင် ကျွန်တော်က မန်ယူဟာ ဖူလ်ဟမ်ကို နိုင်မယ်လို့ တထစ်ချ မပြောနိုင်ပါဘူး။ မန်ယူက ဘာကြောင့် ဂျာအို ဖီးလစ်ကို ခေါ်ချင်နေတာလဲ ဆိုတာကို ကျွန်တော် နားလည်ပါတယ်။ ဂျာအို ဖီးလစ်က ထိပ်တန်း တိုက်စစ်မှူး တဦးလို့လည်း မြင်ပါတယ်။ ဒါပေမယ့် ဂျာအို ဖီးလစ်က မန်ယူရဲ့ ကစားကွက်နဲ့ အံဝင်မယ်လို့ မထင်ပါဘူး” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။