ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ တောင်ကိုရီးယား အသင်းတို့ရဲ့ ဂန္တဝင် ကွင်းလယ်လူ တဦး ဖြစ်သူ ပက်ဂျီဆန် ကတော့ သူ့ရဲ့ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လက်ရှိနည်းပြ ဆိုးလ်ရှားကို ရာထူးကနေ ထုတ်ပယ်ပြီးပါက အသင်းရဲ့ ထာဝရ ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်သူ ဒါဘီနည်းပြ ဝိန်းရွန်းနီကို နည်းပြသစ် အဖြစ် ခန့်အပ်သင့်ကြောင်း အကြံပေးလိုက်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ယမန်နေ့ညမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂)မှာ တန်းတက် အသင်းငယ် တသင်း ဖြစ်တဲ့ ဝက်ဖို့ဒ်အသင်းကို အဝေးကွင်းမှာ ၄-၁ ဆိုတဲ့ ရလဒ်နဲ့ အရှက်ရဖွယ် ရှုံးနိမ့်ပြီးနောက် အသင်းရဲ့ နည်းပြဖြစ်သူ အိုလေဂန်နာ ဆိုးလ်ရှားကို နည်းပြရာထူး ကနေ ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့ပြီး ဆိုးလ်ရှားနဲ့ လမ်းခွဲခဲ့ကြောင်းကို ယနေ့မှာပဲ တရားဝင် ထုတ်ပြန် ကြေညာဖို့ ရှိပါတယ်။

Photo Credit: Goal

အိုလေဂန်နာ ဆိုးလ်ရှားဟာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်ပြီး အသင်းကို ၃နှစ် ကြာအောင် ကိုင်တွယ်ခဲ့ရာမှာ တောင့်တင်းတဲ့ လူစာရင်း တခု ရလာအောင် စုစည်းပေးခဲ့သလို ယူရိုပါလိဂ် ဗိုလ်လုပွဲကိုလည်း ရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

လက်ရှိ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ လူအင်အားဟာ ဥရောပရဲ့ ထိပ်တန်း အသင်းကြီးတွေကို ယှဉ်ပြိုင်နိုင်စွမ်း ရှိတာကြောင့် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တာဝန်ရှိသူတွေက နည်းပြသစ် အဖြစ် ထိပ်တန်းနည်းပြ တဦးကို ခေါ်ယူ ခန့်အပ်ဖို့ စီစဉ်နေကြပြီး မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဂန္တဝင် ကွင်းလယ်လူ တဦး ဖြစ်တဲ့ ပက်ဂျီဆန်ကတော့ အသင်းဟောင်းဟာ ခေါင်းဆောင်ကောင်း တယောက်ရဲ့ စိတ်ဓာတ်မျိုး ရှိတဲ့ ကစားသမားဟောင်း ဝိန်းရွန်းနီကို နည်းပြသစ် အဖြစ် ခန့်အပ်သင့်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ တိုက်တွန်းသွားခဲ့ပါတယ်။

Photo Credit: Goal

ပက်ဂျီဆန်က – “ ကျွန်တော်ကတော့ ဝိန်း(ရွန်းနီ)က မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြရာထူးနဲ့ သင့်တော်တဲ့ နည်းပြလို့ မြင်ပါတယ်။ သူက အသက်ငယ်ငယ်လေးထဲက အမျိုးအစား စုံလင်တဲ့ အတွေ့အကြုံတွေကို ရရှိခဲ့သူပါ။ ပြီးတော့ သူ့ရဲ့ ကစားသမား ဘဝမှာလည်း အခက်အခဲတွေ အများကြီးနဲ့ ရင်ဆိုင်ခဲ့ရသလို အဲ့ဒီ အခက်အခဲတွေကိုလည်း ပြောင်းပြန် လှန်ပစ်နိုင်ခဲ့ပါတယ်။ ဒါကြောင့် သူ့ဆီမှာ ခေါင်းဆောင်ကောင်း တယောက်ရဲ့ စိတ်ဓာတ်မျိုး ရှိနေမယ် ဆိုတာ အသေအချာပါပဲ။ ကျွန်တော်ကတော့ သူဟာ အနာဂတ်မှာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြသစ် ဖြစ်လာမယ်လို့ ယုံကြည်ထားပါတယ်” ဆိုပြီး ပြောကြားသွားခဲ့တာပါ။