ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဂန္တဝင် ကွင်းလယ်လူ တဦး အဖြစ် သတ်မှတ်ခံထားရတဲ့ တောင်ကိုရီးယား ဂန္တဝင် ကွင်းလယ်လူ ပက်ဂျီဆန် ကတော့ သူ့ရဲ့ အသင်းဟောင်းဟာ ယခုအချိန်မှာ စပါးအသင်းနဲ့ အတူ တောက်ပနေတဲ့ တောင်ကိုရီးယား ကြယ်ပွင့်ကို ဆွန်ဟောင်မင်ကို ခေါ်ယူသင့်ကြောင်း တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။

အသက် ၂၉နှစ် အရွယ် တောင်ကိုရီးယား အသင်းခေါင်းဆောင် ဆွန်ဟောင်မင်ဟာ လေဗာကူဆင်အသင်း ကနေ စပါးအသင်းထံ ပြောင်းရွှေ့လာခဲ့ပြီးနောက် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တဦး ဖြစ်ကြောင်း သက်သေပြထားနိုင်သူ ဖြစ်ပြီး သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြတဲ့ အသင်းတွေလည်း အများအပြား ရှိပါတယ်။

Photo Credit: Team Talk

ဆွန်ဟောင်မင်ဟာ ဘယ်တောင်ပံတိုက်စစ် ၊ ညာတောင်ပံတိုက်စစ်နဲ့ အထောင်တိုက်စစ်မှူး စတဲ့ နေရာစုံမှာ ကစားနိုင်စွမ်းရှိသူ တဦး ဖြစ်ကာ စပါးအသင်း အတွက် ပြိုင်ပွဲစုံမှာ စုစုပေါင်း ၂၉၉ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁၁၄ဂိုး အထိ သွင်းယူထားနိုင်ပြီး ဂိုးဖန်တီးမှု ၇၅ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒါကြောင့်လည်း ဆွန်ဟောင်မင်ရဲ့ စီနီယာ တဦး ဖြစ်သူ ပက်ဂျီဆန်က ဆွန်ဟောင်မင်ကို မန်ချက်စတာ ယူနိုက်တက် အသင်းမှာ မြင်တွေ့လိုနေတာ ဖြစ်ပြီး ဆွန်ဟောင်မင်က တိုက်စစ်မှူးကောင်း တဦး ဖြစ်တာကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ သင့်တော်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ သုံးသပ် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Team Talk

ပက်ဂျီဆန်က – “ဆွန်ဟောင်မင်က သူဟာ ထိပ်တန်း တိုက်စစ်မှူးတဦး ဆိုတာကို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ သက်သေပြထားတဲ့သူပါ။ ဒါကြောင့် သူက မန်ချက်စတာ ယူနိုက်တက်အသင်းကို ရောက်သွားရင်လည်း အကောင်းဆုံး စွမ်းဆောင်နိုင်လိမ့်မယ် လို့ ယုံကြည်ပါတယ်။ ဒါပေမယ့် စိုးရိမ်စရာ တခုက မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ပြောင်းသွားရင်တော့ ဆွန်ဟောင်မင်ဟာ သူ နှစ်သက်တဲ့ ကျောနံပါတ်၇ကို ဝတ်ဆင်ရမှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ရိုနယ်ဒို ရှိနေလို့ပါ။ တကယ်လို့ ဆွန်ဟောင်မင် မဟုတ်ပဲ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ သင့်တော်မယ့် နောက်ထပ် ကစားသမားတွေကို ညွှန်းပေးရမယ် ဆိုရင် ဝုဗ်အသင်းရဲ့ ဟွမ်ဟီချန်နဲ့ မာလာကာမှာ ကစားနေတဲ့ လီကန်းအင်တို့ကို ညွှန်းပေးချင်ပါတယ်။ သူတို့နှစ်ယောက်ကလည်း ထိပ်တန်း ကစားသမားတွေ ဖြစ်လာနိုင်တဲ့ အလားအလာတွေကို ပိုင်ဆိုင်ထားပါတယ်” လို့ ပြောကြားခဲ့တာပါ။

အကယ်၍ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ စပါးအသင်းနဲ့ စာချုပ်သက်တမ်း ၄နှစ် အထိ ကျန်နေသေးတဲ့ ဆွန်ဟောင်မင်ကို ခေါ်ယူချင်တယ် ဆိုရင်တော့ ပြောင်းရွှေ့ကြေး ပေါင် ၆၀သန်း အထိ သုံးစွဲရနိုင်ချေ ရှိပါတယ်။