MySport Myanmar

အသင်းရဲ့ အဝတ်လဲခန်းအတွင်း အဖွဲ့နှစ်ဖွဲ့ ကွဲနေပြီး တင်းမာမှုတွေပါ ရှိလို့နေတဲ့ ပီအက်စ်ဂျီ

ပီအက်စ်ဂျီအသင်းရဲ့ အဝတ်လဲခန်းအတွင်း တောင်အမေရိကတိုက် ဘောလုံးသမားတွေနဲ့ ပြင်သစ်စကားကို ပြောဆိုကြတဲ့ ဘောလုံးသမားတွေရဲ့ကြားမှာ အဖွဲ့နှစ်ခုလိုမျိုး ကွဲနေရတဲ့အပြင် လတ်တလော အသင်းက ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်နေရချိန် ဒီအဖွဲ့နှစ်ဖွဲ့ရဲ့ ကြားမှာပါ ညတင်းမာမှုတွေ ဖြစ်နေရတယ်လို့ သိရှိရပါတယ်။

Photo Credit : Daily Mail

ပီအက်စ်ဂျီအသင်းဟာ ရီးယဲလ်မက်ဒရစ်အသင်းကို ဘာနေဗျူးကွင်းမှာ ရှုံးနိမ့်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာထားခဲ့ရသလို ပြီးခဲ့တဲ့ တနင်္ဂနွေမှာလည်း မိုနာကိုအသင်းကို (၃)ဂိုးပြတ်နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ရပြီး နောက်ဆုံး ကစားထားခဲ့တဲ့ လီဂူး အဝေးကွင်းပွဲစဉ် (၃)ပွဲဆက်တိုက်ထိ အရေးနိမ့်ခဲ့ရပါတယ်။ ဒီလို ရှုံးပွဲတွေ ကြုံတွေ့နေရပေမယ့် လီဂူး အမှတ်ပေးချန်ပီယံဆု ပီအက်စ်ဂျီအသင်းအတွက် စိုးရိမ်စရာ မဟုတ်ပဲ အသင်းရဲ့ အဝတ်လဲခန်းအတွင်း တု့ံပြန်မှုတွေက စိုးရိမ်စရာ အနေအထားမျိုး ဖြစ်နေရတယ်လို့ ပြင်သစ်သတင်းမီဒီယာတွေက ဖော်ပြလာခဲ့ပါတယ်။ ပြင်သစ်နာမည်ကျော် သတင်းမီဒီယာ RMC Sport ရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီအသင်းမှာ တောင်အမေရိကကြယ်ပွင့်တွေနဲ့ ပြင်သစ်စကား ပြောဆိုသူ ကစားသမားတွေကြား အဖွဲ့နှစ်ဖွဲ့လို ကွဲနေရတယ်လို့ သိရပါတယ်။

Photo Credit : Daily Mail

ဒီလို ကွဲထွက်နေတဲ့ အဖွဲ့နှစ်ဖွဲ့ဟာ မိုနာကိုအသင်းကို (၃)ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ပြီးနောက်မှာ တင်းမာမှုတွေ ပိုမိုမြင့်တတ်လာခဲ့ရတယ်လို့ ပီအက်စ်ဂျီအသင်းနဲ့ နီးစပ်သူများကနေ ပြောဆိုလာခဲ့ပါတယ်။ ထွက်ပေါ်နေတဲ့ သတင်းတွေအရ မိုနာကိုအသင်းကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက် ဘယ်ကစားသမားကမှ အသင်းရဲ့ အရှက်တကွဲ ရှုံးနိမ့်ရမှုအပေါ်မှာ သုံးသပ်ပြောဆိုမှုတွေ အဖြေရှာမှုတွေ မရှိခဲ့တဲ့အပြင် အဝတ်လဲခန်းအတွင်းမှာလည်း တိတ်ဆိတ်ငြိမ်သက်နေခဲ့သလို အသင်းအခြေစိုက်ရာ ပဲရစ်မြို့ကိုလည်း အားလုံး တိတ်တိတ်ဆိတ်ဆိတ်နဲ့သာ ပြန်သွားခဲ့တယ်လို့ သိရပါတယ်။ အသင်းအတွင်း စည်းလုံးမှု ပြိုကွဲနေခဲ့တဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့လည်း ကစားသမားတစ်ဦး ပြစ်ဒဏ်ကျူးလွန်ခံရချိန် တခြားအသင်းဖော်တွေရဲ့ အပြုအမှုတွေအပေါ်မှာ သိသာမြင်သာနိုင်ပြီး ဒီလို အပြုအမှုတွေကိုလည်း မိုနာကိုနဲ့ပွဲစဉ်မှာပါ မြင်တွေ့ခဲ့ရပါတယ်။ အဲ့ဒီပွဲစဉ်မှာ နေမာ ပြစ်ဒဏ်ကျူးလွန်ခံရချိန် အသင်းဖော်တွေက ဒိုင်ကို စောဒကတတ်မှုတွေ ရှိခဲ့ပေမယ့် ဘာပေနဲ့ ပိုမိုရင်းနှီးသူဖြစ်တဲ့ ဟာခီမီ ပြစ်ဒဏ်ကျူးလွန်ခံရချိန်မှာ အသင်းဖော်တချို့ရဲ့ တုံ့ပြန်မှုတွေက ခြားနားသွားခဲ့ရပါတယ်။ ဒီလို အသင်းအတွင်း စည်းလုံးမှု ပြိုလဲနေခြင်းကို ပြန်လည်စုစည်းနိုင်ဖို့အတွက် အသင်းနည်းပြ ပိုချက်တီနိုအပေါ်မှာ ဖိအားတွေ ရှိနေရပြီး သူကိုယ်တိုင် သူရဲ့အနာဂတ်ပါ ဝေဝါးလို့နေတာကြောင့် ဒီရာသီမကုန်ခင်ထိ ဒီအခြေအနေတွေကို နိုင်နိုင်နင်းနင်း ကိုင်တွယ်သွားဖို့က ခေါင်းခဲစရာ ဖြစ်လာနိုင်ပါတယ်။

Exit mobile version