ပီအက်စ်ဂျီအသင်းက အသင်းရဲ့ စူပါစတား ကီလီယန် အမ်ဘာပေအနေနဲ့ အသင်းဘက်က ကမ်းလှမ်းထားတဲ့ စာချုပ်သစ် ကိစ္စအပေါ် ဇူလိုင် (၃၁)ရက်နေ့ နောက်ဆုံးထားပြီး ဆုံးဖြတ်ပေးဖို့ အသိပေးထားခဲ့ရာ တကယ်လို့ ဘာပေသာ အသင်းနဲ့ လမ်းခွဲသွားမယ်ဆိုရင် သူ့နေရာမှာ ဘာစီလိုနာ ကစားသမား အူစမန် ဒမ်ဘီလီနဲ့ အစားထိုးဖွယ် ရှိနေတယ်လို့ သိရပါတယ်။

အသက် (၂၄)နှစ်အရွယ် ပြင်သစ် လက်ရွေးစင် ထိပ်တန်း ကစားသမား ဘာပေကို ပီအက်စ်ဂျီအသင်းက ပြီးခဲ့တဲ့နွေမှာ စာချုပ်သက်တမ်း တိုးမြှင့်ချိန်မှာပဲ ၂၀၂၄ခုနှစ်အထိ တိုးမြှင့်ခဲ့ပေမယ့် တစ်နှစ် ထပ်မံ သက်တမ်းတိုးနိုင်တဲ့ သဘောတူညီချက်ပါ ထည့်သွင်းခဲ့တာကြောင့် စာချုပ်ချုပ်ဆိုမှု အခမ်းအနားမှာပါ ၂၀၂၅ဆိုတဲ့ စာတန်း ရိုက်နှိပ်ထားတဲ့ ဂျာစီကိုပါ ဘာပေ ကိုင်ဆောင်ခဲ့ရပါသေးတယ်။ ဒါပေမယ့် လက်ရှိမှာ ဘာပေက one year option အတိုင်း သက်တမ်းတိုးတော့မှာ မဟုတ်ကြောင်း အသိပေးထားခဲ့ရာ ဘာပေအနေနဲ့ ဒီလိုသာ သက်တမ်းမတိုးဘူးဆိုရင် ဒီနွေမှာပဲ ရောင်းချသွားမယ်လို့ ပီအက်စ်ဂျီ ဥက္ကဌက သတိပေးလာခဲ့ပါတယ်။

Photo Credit : Eurosport

တကယ်လို့ ဘာပေက ဒီနွေမှာ ရီးယဲလ် ဒါမှမဟုတ် တခြားသော ကလပ်အသင်း တစ်သင်းသင်းဆီ ပြောင်းရွှေ့သွားခဲ့မယ်ဆိုရင် ဘာပေနေရာမှာ နောက်ထပ် ပြင်သစ် ကစားသမားတစ်ဦးဖြစ်သူ ဒမ်ဘီလီနဲ့ အစားထိုးသွားချင်နေပါတယ်။ အသက် (၂၆)နှစ်အရွယ် တောင်ပံ တိုက်စစ် ကစားသမား ဒမ်ဘီလီက လက်ရှိမှာ ဘာစီလိုနာအသင်းနဲ့ တစ်နှစ် သက်တမ်းသာ ကျန်ရှိနေတော့တာဖြစ်ပြီး သူရဲ့ စာချုပ်လျော်ကြေးကလည်း ယူရို သန်း (၅၀)သာ ရှိနေတဲ့အတွက် ပီအက်စ်ဂျီနဲ့ လက်တွဲထားတဲ့ ဘာစီလိုနာ နည်းပြဟောင်း အန်နရီကေးက ဒမ်ဘီလီကို ဘာပေနေရာမှာ အစားထိုးချင်နေတာ ဖြစ်ပါတယ်။

Photo Credit : Transfermarket

ဒါပေမယ့် ခက်တာက ဘာစီလိုနာအသင်းဟာ ဒမ်ဘီလီကို ရောင်းချသွားဖို့ အစီအစဉ် မရှိသလို ဒမ်ဘီလီကလည်း နည်းပြဇာဗီ အကြိုက် ကစားသမားလည်း ဖြစ်နေတာကြောင့် စာချုပ်သက်တမ်း ထပ်တိုးဖို့သာ လုပ်ဆောင်ဖွယ်လည်း ရှိနေပါတယ်။ ဒါကြောင့် ပီအက်စ်ဂျီက ဘာပေကိုသာ လက်လွတ်ရမယ်ဆိုရင် ဒမ်ဘီလီအပြင် အခြားသော တိုက်စစ် ကစားသမားတွေကိုပါ ထပ်မံ ပစ်မှတ်ထားရနိုင်ပြီး နာပိုလီ ကစားသမား အိုဆင်မန်ကိုလည်း ချိန်ရွယ်လာဖွယ် ရှိနေပါတယ်။