MySport Myanmar

ရာမို့စ် နဲ့ ဒမ်ဘီလီကို ခေါ်ယူထားပြီး မူအာနီကိုလည်း လိုချင်နေသေးတဲ့ ပီအက်စ်ဂျီ

ပီအက်စ်ဂျီအသင်းကတော့ အသင်း တိုက်စစ်ပိုင်း အပြောင်းအလဲကြီး လုပ်ဆောင်ဖို့ ဆန္ဒရှိနေပြီး အခုလည်း ဂွန်ဆာလို ရာမို့စ် နဲ့ အူစမန် ဒမ်ဘီလီတို့ကို ခေါ်ယူထားနိုင်တာတောင် ဖရန့်ဖတ်ရဲ့ တိုက်စစ် ကစားသမား မူအာနီကိုပါ ထပ်မံ အလိုရှိနေပြန်ပါတယ်။

ပီအက်စ်ဂျီက ဒီနွေမှာ လီယွန်နယ် မက်ဆီကို အသင်းကနေ ထွက်ခွာခွင့်ပြုခဲ့ရသလို ဘာပေ နဲ့ နေမာတို့ရဲ့ အနာဂတ်တွေဟာလည်း အရမ်း လှုပ်ခတ်နေတာကြောင့် ပီအက်စ်ဂျီ မက်ဆီ နေမာ ဘာပေတို့ တိုက်စစ်အတွဲ တစ်ခုလုံးကို ပြောင်းလဲသွားရဖို့ အကြောင်းဖန်လာခဲ့ရပါတယ်။

Photo Credit : Twitter

ဒါကြောင့်ပဲ ပီအက်စ်ဂျီက ဘင်ဖီကာအသင်းရဲ့ ပေါ်တူဂီ တိုက်စစ်မှူး ရာမို့စ်ကို စတင် ခေါ်ယူထားခဲ့ပြီး ရာမို့စ်ကို ခေါ်ယူအပြီးမှာတော့ ဘာစီလိုနာရဲ့ ပြင်သစ် တောင်ပံ တိုက်စစ် ကစားသမား ဒမ်ဘီလီကိုပါ ဆက်လက် ခေါ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။

ဒါ့အပြင် လက်ရှိမှာ နေမာကလည်း ပီအက်စ်ဂျီအသင်းနဲ့ လမ်းခွဲဖို့ လုပ်ဆောင်နေတဲ့ အခြေအနေတွေကြောင့် ပီအက်စ်ဂျီက သူတို့ရဲ့ ပစ်မှတ်ထဲမှာ ပါဝင်နေသူ နောက်ထပ် ပြင်သစ် ကစားသမားလေး ကိုလို မူအာနီကို ပြန်လည် ချိန်ရွယ်လာခဲ့ပါတယ်။

Photo Credit : Transfermarket

ရိုမာနိုရဲ့ သတင်းဖော်ပြချက်တွေအရ ပီအက်စ်ဂျီဟာ မူအာနီကို ခေါ်ယူနိုင်ဖို့အတွက် မူအာနီရယ် သူ့အေးဂျင့်ရယ်နဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေသလို မူအာနီရဲ့ လက်ရှိကလပ် ဖရန့်ဖတ်အသင်းနဲ့လည်း ညှိနှိုင်းမှုတွေ ဆက်လက် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဖရန့်ဖတ်ကတော့ သူတို့ ကစားသမားအတွက် ပြောင်းရွှေ့ကြေးကို ယူရို သန်း(၁၀၀)အထိ သတ်မှတ်ထားပြီး ကစားသမား အလိုက်ပေး ကမ်းလှမ်းမှုကိုတောင် စိတ်မဝင်စားပဲ သူတို့ သတ်မှတ်ထားတဲ့ တန်ကြေးအတိုင်း ကမ်းလှမ်းမှသာ လက်ခံ စဉ်းစားဖွယ်လည်း ရှိနေပါတယ်။ ဒါပေမယ့် မူအာနီကိုယ်တိုင်ကတော့ သူရဲ့ မွေးရပ်မြေ ပြင်သစ်ကို ပြန်သွားချင်နေပြီး ပီအက်စ်ဂျီအသင်းဆီလည်း ပြောင်းရွှေ့သွားချင်နေတယ်လို့ သိရပါတယ်။

Exit mobile version