ပြင်သစ်လီဂူးရဲ့ အင်အားအကြီးမားဆုံး ကလပ်အသင်းဖြစ်တဲ့ ပီအက်စ်ဂျီမှာ (၇)နှစ်နီးပါးလောက် ပါဝင်ကစားခဲ့သူဖြစ်တဲ့ အိန်ဂျယ်ဒီမာရီယာဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး အသင်းဘက်ကလည်း သက်တမ်းတိုးဖို့ ကမ်းလှမ်းထားခြင်း မရှိတဲ့အတွက် ၂၀၂၂ခုနှစ် ဇွန်(၃၀)ရက်နေ့မှာပဲ အသင်းနဲ့ လက်တွဲဖြုတ်ရဖွယ် ရှိနေပါတယ်။

Photo Credit : Bein Sports

အသက်(၃၄)နှစ်အရွှယ်ရှိ အာဂျင်တီးနား တောင်ပံကစားသမား ဒီမာရီယာဟာ ၂၀၁၄ခုနှစ်ကမှ ရီးယဲလ်မက်ဒရစ်ကနေ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ရောက်ရှိလာပြီး ယူနိုက်တက်မှာ တစ်ရာသီ ဖြတ်သန်းပြီးနောက် အသင်းမှာ အထိုင်မကျခဲ့တာကြောင့် ပီအက်စ်ဂျှီအသင်းဆီ ရောင်းချခံလိုက်ရတာ ဖြစ်ပါတယ်။ ၂၀၁၅-၂၀၁၆ ဘောလုံးရာသီကနေ စတင်ပြီး ပီအက်စ်ဂျီ ကစားသမားဘဝကို စတင်ခဲ့တဲ့ ဒီမာရီယာဟာ အခုဆိုရင် အသင်းအတွက် သတ္တမမြောက် ဘောလုံးရာသီကို ဖြတ်သန်းနေရပြီဖြစ်ပြီး လက်ရှိမှာ အသင်းအတွက် ပွဲပေါင်း် (၂၈၉)ပွဲ ပါဝင်ကစားပေးနိုင်ခဲ့သလို သွင်းဂိုးစုစုပေါင်းလည်း (၉၀)အထိကို သွင်းယူထားနိုင်ခဲ့ပါတယ်။

Photo Credit : PSG Talk

အသက်အရွှယ်အရ အကျဘက်ကို ရောက်လို့လာခဲ့တဲ့ ဒီမာရီယာဟာ ကြယ်ပွင့်ကစားသမားတွေ အများအပြား ပိုင်ဆိုုင်ထားတဲ့ ပီအက်စ်ဂျီအသင်းမှာ နေရာတစ်နေရာရဖို့ ခက်ခဲလာခဲ့တဲ့အပြင် အသင်းဘက်ကလည်း ဒီမာရီယာကို သက်တမ်းတိုးဖို့ ကမ်းလှမ်းမှုတွေ လုပ်ဆောင်လာခြင်း မရှိသေးတဲ့အတွက် ဒီမာရီယာဟာ အခုရာသီအကုန်မှာပဲ ပီအက်စ်ဂျီကနေ Free Agent အဖြစ်နဲ့ ထွက်ခွာရတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဖာဘရီဇီယိုရိုမာနိုရဲ့ဖော်ပြချက်မှာတော့ ဒီမာရီယာဟာ အသင်းနဲ့ သက်တမ်းမကုန်ဆုံးသေးခင်ထိ ကလပ်အသင်းဘက်က နောက်ဆုံးအကြိမ် ဆက်သွယ်ကမ်းလှမ်းလာမှာကို စောင့်မျှော်လျက် ရှိနေတယ်လို့လည်း သိရှိရပါတယ်။ ပီအက်စ်ဂျီဘက်က ဒီမာရီယာကို အသင်းကနေ လက်လွတ်လိုက်မယ်ဆိုရင် သူ့နေရာမှာ ဘာစီလိုနာအသင်းရဲ့ ပြင်သစ်တောင်ပံ တိုက်စစ်ကစားသမား အူစမန်ဒမ်ဘီလီနဲ့ အစားထိုးသွားဖို့ ချိန်ရွှယ်နေတယ်လို့လည်း သတင်းတွေမှာ ဖော်ပြလာခဲ့ပါတယ်။ ဒမ်ဘီလီကလည်း အခုနှစ် ဘောလုံးရာသီအကုန်မှာပဲ ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးတော့မှာဖြစ်ပြီး အသင်းကလည်း သူ့ကို သက်တမ်းထပ်တိုးဖို့ ဆန္ဒမရှိတော့တဲ့အတွက် ပီအက်စ်ဂျီက ဒီမာရီယာရဲ့နေရာမှာ အသက်(၂၄)နှစ်သာ ရှိနေသေးတဲ့ ဒမ်ဘီလီနဲ့ ပြန်လည်အစားထိုးချင်နေတာ ဖြစ်ပါတယ်။