ဒီနှစ်ဘောလုံးရာသီအကုန်မှာ မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် စပိန်နောက်ခံကစားသမားလေး အဲရစ်ဂါဆီယာဟာ သူရဲ့ကလပ်အသင်းဟောင်းဖြစ်တဲ့ ဘာစီလိုနာအသင်းဆီကို ဒီဆောင်းစျေးကွက်အတွင်းမှာပဲ ပြန်လည်ပြောင်းရွှေ့ဖို့ လုပ်ဆောင်ခဲ့ပေမယ့် ဘာစီလိုနာရဲ့ဥက္ကဌသစ် ရွေးချယ်တင်မြှောက်မယ့် အစီအစဉ် ရွေ့ဆိုင်းလိုက်ရတာနဲ့ပတ်သက်ပြီး ဂါဆီယာရဲ့ အပြောင်းအရွှေ့ အပြီးသတ်နိုင်ဖို့ပါ ကြန့်ကြာနေခဲ့ရတဲ့အတွက် ဒီအခြေအနေတွေကို ပီအက်စ်ဂျီအသင်းကနေ အသုံးချသွားဖို့ ပြင်ဆင်နေတယ်လို့ စပိန်နာမည်ကျော် သတင်းစာ Mundo Deportivo ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Daily Mail

ဘာစီလိုနာအသင်းဟာ သူတို့ရဲ့လာမာစီယာအကယ်ဒမီထွက် နောက်ခံကစားသမား ဂါဆီယာကို ပြီးခဲ့တဲ့နွေစျေးကွက်ကတည်းက ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း အခုချိန်ထိကို အောင်မြင်မှုမရှိသေးတဲ့အပြင် ဥက္ကဌသစ်အပြောင်းအလဲကလည်း ဖြစ်ပေါ်လာခြင်းမရှိသေးတာကြောင့် ဂါဆီယာကို သူရဲ့စာချုပ်သက်တမ်း ကုန်ုဆုံးချိန်မှသာ ခေါ်ယူသွားဖို့ ပြောင်းလဲဆုံးဖြတ်လာခဲ့ပါတယ်။ ဒီလိုအခြေအနေရှိနေတဲ့ ဂါဆီယာကို နည်းပြပိုချက်တီနိုရဲ့ ပီအက်စ်ဂျီအသင်းကနေ စောင့်ကြည့်လျက်ရှိနေပြီး အခုဆောင်းစျေးကွက်အတွင်းမှာ ဂါဆီယာကို Cut-price စျေးနှုန်းနဲ့ ကမ်းလှမ်းသွားဖို့ ရှိနေပါတယ်။

Photo Credit : AS English

အသက်(၂၀)အရွှယ်ရှိ စပိန်လက်ရွေးစင် နောက်ခံကစားသမား အဲရစ်ဂါဆီယာဟာ ဘာစီလိုနာအသင်းရဲ့ လူငယ်အကယ်ဒမီတစ်ခုဖြစ်တဲ့ လာမာစီယာကနေ ပေါ်ထွက်လာခဲ့သူဖြစ်ပြီး ၂၀၁ရခုနှစ်မှာပဲ ဘာစီလိုနာကနေ မန်စီးတီးကို ပြောင်းရွှေ့လာခဲ့တာဖြစ်ကာ တစ်နှစ်အကြာမှာပဲ မန်စီးတီးလူငယ်အသင်းကနေ စီနီယာအသင်းကြီးမှာ ပါဝင်ကစားခွင့်ရလာခဲ့သူဖြစ်ပါတယ်။ နည်းပြဂွာဒီယိုလာလက်အောက်မှာ ပွဲကစားခွင့်တွေ တဖြည်းဖြည်းရလာခဲ့တဲ့ ဂါဆီယာဟာ အသင်းရဲ့ အရေးပါတဲ့ ကစားသမားတစ်ယောက် ဖြစ်လာခဲ့ရပေမယ့် သူရဲ့စာချုပ်သက်တမ်းက သိပ်ပြီးမကျန်ရှိတော့ပဲ အသင်းနဲ့ လက်တွဲဖြုတ်ရဖို့က နီးစပ်နေချိန်မှာတော့ အသင်းဘက်ကနေ ကမ်းလှမ်းလာတဲ့ စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းချက်တွေ ပယ်ချခဲ့ပြီး အသင်းနဲ့ လမ်းခွဲဖို့ကိုပဲ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ လက်ရှိမှာ အသင်းနဲ့ စာချုပ်သက်တမ်း လပိုင်းလောက်သာ ကျန်ရှိနေတော့တဲ့ ဂါဆီယာကို အခုဆောင်းစျေးကွက်အတွင်းမှာပဲ မူလတန်ကြေးထက် ထက်ဝက်လောက်နဲ့ကို ခေါ်ယူနိုင်မှာဖြစ်လို့ ကလပ်အသင်းများစွာကနေ ပစ်မှတ်ထားလို့နေပြီး ဂါဆီယာကိုယ်တိုင်ကတော့ သူရဲ့အသင်းဟောင်းဆီကို ပြောင်းရွှေ့ချင်နေတာဖြစ်ပေမမယ့် လတ်တလော အနေအထားတွေအရ ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ ခက်ခဲနေပြီး ဒီအခြေအနေကို ပီအက်စ်ဂျီဘက်ကနေ အကောင်းဆုံး အသုံးချသွားနိုင်ဖို့ စီစဉ်လို့နေပါတယ်။