ပြင်သစ်လီဂူးချန်ပီယံ ပီအက်စ်ဂျီအသင်းဟာ လက်ရှိမှာ ကွင်းလယ်လူ ဗီတင်ညာနဲ့ တိုက်စစ်ကစားသမား အက်ကီတိုက်ခ်တို့ကို ခေါ်ယူထားပြီးတဲ့နောက် ခံစစ်ပိုင်းအတွက် အင်တာမီလန် ခံစစ်မှူး ရှကရီညာကို ပစ်မှတ်ထားခဲ့ပေမယ့်လည်း အင်တာက ဘရီမာကို မခေါ်ယူနိုင်လို့ ရှကရီညာကို ရောင်းချဖို့က မသေချာလာခဲ့တဲ့အတွက် လိုက်ပ်ဇစ် ခံစစ်ကစားသမား နော်ဒီမူခီလီကိုသာ ဦးစားပေး ကြိုးပမ်းလာခဲ့ပါတယ်။

Image

Photo Credit : Twitter

ပြင်သစ်လက်ရွေးစင် နောက်ခံကစားသမား မူခီလီဟာ သူရဲ့ ဘောလုံးသမားဘဝကို ပဲရစ်မြို့အခြေစိုက် ပဲရစ်အက်စ်စီမှာ စတင်ခဲ့တာဖြစ်ပြီး ပြင်သစ်ကလပ် လာဗယ်လ်အသင်းမှာ စီနီယာ ကစားသမားဘဝကို စတင်ခဲ့သလို ၂၀၁၇ခုနှစ်မှာ လီဂူးကလပ် မောင့်ပယ်လီယာအသင်းဆီ ပြောင်းရွှေ့ခဲ့ရပါတယ်။ မောင့်ပယ်လီယာမှာ တစ်ရာသီခွဲ ဖြတ်သန်းပြီးနောက်မှာ ဘွန်ဒစ်လီဂါကလပ် လိုက်ပ်ဇစ်အသင်းဆီ ယူရို(၁၆)သန်းနဲ့ (၅)နှစ်စာချုပ်နဲ့ ရောက်ရှိလာခဲ့ပြီး အသင်းနဲ့လည်း (၄)ရာသီအထိ ဖြတ်သန်းထားနိုင်ခဲပြီဖြစ်လို့ လာမယ့် ၂၀၂၃ခုနှစ်မှာ လိုက်ပ်ဇစ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးရတော့မှာလည်း ဖြစ်ပါတယ်။

Nordi Mukiele | Skills and Goals | Highlights - YouTube

Photo Credit : Youtbue

ပြင်သစ်-ကွန်ဂိုနွယ်ဖွား မူခီလီဟာ ညာခြမ်းခံစစ်နေရာမှာ ကစားသူ ဖြစ်ပေမယ့်လည်း လိုအပ်ရင် ဗဟိုခံစစ်မှာရော ကွင်းလယ်ညာခြမ်းမှာပါ ကစားတတ်သူဖြစ်လို့ နေရာစုံမှာ အသုံးဝင်နိုင်မယ့် ကစားသမားမျိုး ဖြစ်နေရပြီး လိုက်ပ်ဇစ်နဲ့အတူ ဘွန်ဒစ်လီဂါမှာလည်း ပွဲပေါင်း(၁၀၀)အထိကို ပါဝင်ကစားထားဖူးပါတယ်။ အသင်းဟောင်း မောင့်ပယ်လီယာနဲ့ပါ လီဂူးပွဲပေါင်း (၅၀)အထိ ကစားထားဖူးတဲ့ မူခီလီဟာ လီဂူးအတွေ့အကြုံကောင်းတွေလည်း ပိုင်ဆိုင်ထားသူဖြစ်လို့ ပီအက်စ်ဂျီဘက်က သူ့ကို ခေါ်ယူချင်လာခဲ့ပြီး မူခီလီက လိုက်ပ်ဇစ်နဲ့လည်း စာချုပ်တစ်နှစ်ပဲ ကျန်ရှိတော့တာဖြစ်လို့ ဒီအချက်က ပီအက်စ်ဂျီအတွက် အခွင့်ကောင်း ဖြစ်လာနိုင်ပါတယ်။ ဘောလုံးအပြောင်းအရွှေ့ဆိုင်ရာ စပယ်ရှယ်လစ်ကြီး ဖာဘရီဇီယိုရိုမာနိုရဲ့ ဖော်ပြချက်အရတော့ ပီအက်စ်ဂျီအသင်းဟာ မူခီလီကို ကာလရှည် စာချုပ်တစ်ရပ်နဲ့ လီဂူးပြိုင်ပွဲဆီ ပြန်လည် ခေါ်ဆောင်ဖို့အတွက် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုတွေ ရယူထားနိုင်ခဲ့ပြီဖြစ်ပြီး အပြောင်းအရွှေ့ အထမြောက်လာနိုင်ဖို့အတွက် လိုက်ပ်ဇစ်အသင်းနဲ့ သဘောတူညီမှု ရရှိဖို့သာ ကျန်ရှိနေတော့ ဖြစ်ပါတယ်။ လိုက်ပ်ဇစ်အနေနဲ့ကလည်း မူခီလီကို သက်တမ်းမတိုးနိုင်ခဲ့ရင် လာမယ့်နှစ်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွတ်ရတော့မှာဖြစ်လို့ အခုနွေဈေးကွက်ထဲမှာပဲ cut-price တန်ကြေးမျိုးနဲ့ ရောင်းချရတော့မှာ ဖြစ်ပါတယ်။