MySport Myanmar

နယူးကာဆယ်ပစ်မှတ် အက်ခီတီကေကို (၅)နှစ်စာချုပ်နဲ့ ခေါ်ယူလိုက်နိုင်ပြီဖြစ်တဲ့ ပီအက်စ်ဂျီ

အီတလီတိုက်စစ်မှူး ဆကာမာကာနဲ့ ပြင်သစ်တိုက်စစ်ကစားသမားလေး ဟူဂိုအက်ခီတီကေတို့ကို ပစ်မှတ်ထားနေတဲ့ လီဂူးချန်ပီယံ ပီအက်စ်ဂျီအသင်းဟာ အခုလက်ရှိမှာတော့ Reims အသင်းရဲ့ ကစားသမားလေး အက်ခီတီကေကို ၂၀၂၇ခုနှစ်အထိ သက်တမ်းရှိမယ့် (၅)နှစ်စာချုပ်တစ်ရပ်နဲ့ ခေါ်ယူသွားဖို့အတွက် လုံးဝပြီးမြောက်သွားခဲ့ရပြီ ဖြစ်ပါတယ်။

Photo Credit : Daily Mail

ပီအက်စ်ဂျီအသင်းဟာ လီယွန်နယ်မက်ဆီ နေမာ ကီလီယန်အမ်ဘာပေတို့လို တကယ့် ဒိတ်ဒိတ်ကြဲ တိုက်စစ်ကစားသမားတွေ ပိုင်ဆိုင်ထားပေမယ့်လည်း အသင်းရဲ့ ရေရှည်စီမံကိန်းအတွက် အသက်(၂၀)သာ ရှိနေသေးတဲ့ အက်ခီတီကေလို လူငယ်ကစားသမားလေးကို မဖြစ်မနေ အားဖြည့်ထားရတာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းက ပြင်သစ် လူငယ်ကြယ်ပွင့်လေးအတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း(၃၀) အပိုဆုကြေး+ပြောင်းရွှေ့ကြေး ယူရိုသန်း(၄၀)နဲ့ ကမ်းလှမ်းခဲ့တာဖြစ်ပြီး ဒီကမ်းလှမ်းချက်က နယူးကာဆယ်အသင်းရဲ့ ကမ်းလှမ်းမှုထက် လျော့နည်းနေတယ်လို့ သိရပေမယ့်လည်း Reims အသင်းဘက်က ပီအက်စ်ဂျီရဲ့ ကမ်းလှမ်းချက်ကိုသာ သဘောတူသွားခဲ့ပါတယ်။

Photo Credit : Goal

လက်ရှိမှာတော့ ပီအက်စ်ဂျီအသင်း Reims အသင်းနဲ့ အက်ခီတီကေတို့ကြား လက်မှတ်ရေးထိုးမှုတွေ ပြုလုပ်ခဲ့သလို ဆေးစစ်မှုတွေလည်း ခံယူပြီး (၅)နှစ်စာချုပ်ပါ ချုပ်ဆိုဖြစ်ခဲ့တယ်လို့ ဘောလုံးအပြောင်းအရွှေ့ဆိုင်ရာ အကျော်အမော် ဖာဘရီဇီယိုရိုမာနိုက ဖော်ပြလာခဲ့ပါတယ်။ ဒါ့အပြင် Canal Supporters ဆိုတဲ့ twitter စာမျက်နှာမှာလည်း အက်ခီတီကေနဲ့ သူရဲ့အေးဂျင့်တွေက ပီအက်စ်ဂျီနဲ့ စာချုပ်ချုပ်ဆိုဖို့အတွက် အသင်းရဲ့ ရုံးချုပ်ရှိရာကို ရောက်ရှိနေပြီဆိုတဲ့ ဗီဒီယိုဖိုင်ကိုပါ ဖော်ပြလာခဲ့ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ဒီနှစ်နွေရာသီမှာ ပေါ်တိုကွင်းလယ်လူ ဗီတင်ညာကို ခေါ်ယူထားခဲ့ပြီး မနှစ်က စပို့တင်းလစ္စဘွန်းကနေ အငှားနဲ့ ခေါ်ယူထားတဲ့ နူနိုမန်ဒက်စ်ကို အပြီးသတ် ခေါ်ယူခဲ့သလို အက်ခီတီကေကိုလည်း ခေါ်ယူလိုက်နိုင်တာ ဖြစ်ပါတယ်။ အသင်းတိုက်စစ်မှာ မက်ဆီ ဘာပေ နေမာတို့ ရှိနေပေမယ့်လည်း အက်ခီတီကေကို သူ့အသင်းဟောင်း Reims အသင်းဆီ ပြန်လည်အငှားချသွားမှာ မဟုတ်ပဲ အသင်းမှာပဲ နေရာပေးသွားမှာ ဖြစ်သလို တိုက်စစ်မှူး အီကာဒီကိုတော့ အသင်းကနေ ပြန်လည်ရောင်းထုတ်ဖွယ် ရှိနေပါတယ်။ အက်ခီတီကေကို ခေါ်ယူပြီးနောက်မှာ နောက်ထပ် အသင်းရဲ့ ပစ်မှတ်ဖြစ်သူ ရီနာတိုဆန်းချက်စ်ကိုပါ ဆက်လက်ခေါ်ယူသွားဖို့ လုပ်ဆောင်လျက် ရှိနေတယ်လို့ ဖာဘရီဇီယိုက ဖော်ပြသွားခဲ့ပါတယ်။

Exit mobile version