MySport Myanmar

မန်ယူပစ်မှတ် အူဂါတေကို ရောင်းချသွားဖို့ အစီအစဉ် ရှိနေတဲ့ ပီအက်စ်ဂျီ

ပီအက်စ်ဂျီအသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ စပို့တင်း လစ္စဘွန်းအသင်းကနေ ယူရို သန်း(၆၀)နဲ့ ခေါ်ယူထားတဲ့ ဥရုဂွေး ကွင်းလယ်ကစားသမား မန်နူရယ် အူဂါတေးကို အခုနွေဈေးကွက်မှာပဲ သူတို့ အလိုရှိတဲ့ ပြောင်းရွှေ့ကြေးမျိုးနဲ့ ကမ်းလှမ်းလာမယ်ဆိုရင် ရောင်းချသွားဖို့ အစီအစဉ် ရှိနေတယ်လို့ ရိုမာနိုက သတင်းဖော်ပြလာခဲ့ပါတယ်။

အသက် (၂၃)နှစ်အရွယ်ရှိ ဥရုဂွေး လက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမား အူဂါတေဟာ လွန်ခဲ့တဲ့ ၂၀၂၁ခုနှစ်ကမှ ဥရုဂွေးကလပ်ကနေ ပေါ်တူဂီကလပ် ဖာမာလီကာအိုအသင်းဆီ ပြောင်းရွှေ့လာရင်း ဥရောပ ဘောလုံးနယ်ပယ်ထဲဆီ စတင် ခြေချခွင့်ရပြီးနောက် လပိုင်းလောက်အကြာမှာပဲ စပို့တင်း လစ္စဘွန်းအသင်းဆီ ထပ်မံ ပြောင်းရွှေ့ခဲ့ရပါတယ်။

Photo Credit :Paris Saint Germain

အဲ့ဒီအချိန်တုန်းက စပို့တငး်အသင်းဟာ ဂျာအို ပါလင်ညာကို ဖူလ်ဟမ်အသင်းဆီ ရောင်းချလိုက်ရတာကြောင့် ပါလင်ညာနေရာအတွက် အူဂါတေကို အစားထိုး ခေါ်ယူခဲ့ရာ အကောင်းဆုံး အစားထိုးမှု ဖြစ်လာခဲ့ပြီး အူဂါတေကိုလည်း ဥရောပ ကလပ်အသင်းတွေ ဝိုင်းစိတ်ဝင်စားလာခဲ့ပါတယ်။ ၂၀၂၃မှာတော့ ပီအက်စ်ဂျီက တခြားအသင်းတွေထက် လက်ဦးမှု ရရှိပြီး အူဂါတေကို ယူရိုသန်း (၆၀)နဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။

ဒါပေမယ့် အူဂါတေဟာ နည်းပြလူးဝစ် အင်းနရစ်လက်ထက်မှာ ပွဲကစားခွင့် သိပ်မရခဲ့ပဲ အင်းနရစ်က အသင်းကွင်းလယ်မှာ အူဂါတေထက် ဖာဘီယန် ရုဇ် ၊ ဇိုင်ယာ အမ်မရီနဲ့ ဗီတင်ညာတို့ကိုသာ နေရာပေးခဲ့ပြီး ချန်ပီယံလိဂ်လို ပြိုင်ပွဲမျိုးတွေမှာဆိုရင်လည်း အရန်ကစားသမားအဖြစ်နဲ့သာ ရှိခဲ့ရသလို ပါဝင်ကစားခွင့်တောင် မရပဲ ဖြစ်ခဲ့ရပါတယ်။

Photo Credit : The Sun

ဒီလို အခြေအနေတွေကို စောင့်ကြည့်မိနေတဲ့ ကလပ်အသင်းတွေက အူဂါတေကို ခေါ်ယူဖို့ ချဉ်းကပ်မှုတွေ လုပ်ဆောင်လာခဲ့ပြီး အဲ့ဒီအသင်းတွေထဲမှာ မန်ချက်စတာ ယူနိုက်တက်လည်း ပါဝင်လာသလို ကမ်းလှမ်းမှုတစ်ရပ်ပါ ပြုလုပ်ခဲ့ပေမယ့်လည်း အဲ့ဒီကမ်းလှမ်းချက်ကိုတော့ ပီအက်စ်ဂျီဘက်က ချက်ချင်း ပယ်ချခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့် ပီအက်စ်ဂျီအနေနဲ့ ဒီနွေမှာပဲ အူဂါတေကို အသင်းကနေ ပြန်လည် ရောင်းထုတ်သွားဖို့ အစီအစဉ် ရှိလို့နေပြီး လက်ခံနိုင်လောက်တဲ့ ပမာဏမျိုးနဲ့ ကမ်းလှမ်းမှု လုပ်ဆောင်လာမယ်ဆိုရင်တော့ တစ်ရာသီတည်းသာ အသုံးပြုထားရသေးတဲ့ အူဂါတေကို ရောင်းထုတ်သွားဖွယ် ရှိနေပါတယ်။ လက်ရှိမှာတော့ အူဂါတေကို ယူနိုက်တက်အပြင် လီဗာပူးလ်အသင်းကလည်း စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

Exit mobile version