ပြင်သစ်နိုင်ငံရဲ့ အဓိကမြို့တော် တခု ဖြစ်တဲ့ ပဲရစ်မြို့ရဲ့ မြို့တော်ဝန် အန်နီ ဟီဒယ်ဂို ကတော့ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ပဲရစ်မြို့ အခြေစိုက် ပီအက်စ်ဂျီကနေ ထွက်ခွာဖို့ စိုင်းပြင်းနေတဲ့ ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူး ကိုင်လီယန် အမ်ဘာပေကို ပီအက်စ်ဂျီမှာသာ ဆက်နေဖို့ အကြံပေး တိုက်တွန်းလိုက်ပါတယ်။

အသက် ၂၃နှစ် အရွယ် ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူး ကိုင်လီယန် အမ်ဘာပေဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ကစားသမား တဦး ဖြစ်ပြီး ပီအက်စ်ဂျီက သူ့ကို စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးပမ်းနေပေမယ့် သူကတော့ အသင်းနဲ့ လမ်းခွဲဖို့သာ စဉ်းစားနေပါတယ်။

Photo Credit: Goal

လက်ရှိမှာတော့ အမ်ဘာပေကို ခေါ်ယူဖို့ အတွက် စပိန်လာလီဂါ အင်အားကြီးကလပ် ရီးရဲလ်မက်ဒရစ်က အပြင်းအထန် ကြိုးပမ်းနေပြီး အမ်ဘာပေဟာ ရီးရဲလ်မက်ဒရစ်ထံ ပြောင်းရွှေ့ဖို့ နှုတ်အားဖြင့် သဘောတူညီမှု ရရှိထားတယ် ဆိုတဲ့ ကောလဟာလ သတင်းတွေလည်း ခပ်သဲ့သဲ့ ထွက်ပေါ်နေပါတယ်။

ပဲရစ်မြို့တော်ဝန် ဖြစ်သလို လာမယ့် ပြင်သစ်နိုင်ငံ ရွေးကောက်ပွဲမှာ သမ္မတလောင်း တဦး ဝင်ရောက် အရွေးချယ်ခံမယ့် အန်နီကတော့ အမ်ဘာပေအနေနဲ့ ပီအက်စ်ဂျီမှာသာ ဆက်နေသင့်ကြောင်း တိုက်တွန်း အကြံပေးလိုက်သလို အမ်ဘာပေဟာ ပဲရစ်မြို့ရဲ့ လူငယ်ထု အတွက် စံပြပုဂ္ဂိုလ် တဦးလို ဖြစ်နေကြောင်းလည်း ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Goal

အန်နီက – “ကျွန်မက သူ့ကို ပီအက်စ်ဂျီမှာပဲ ဆက်မြင်ချင်ပါတယ်။ သူ့ကို ပဲရစ်မြို့မှာ ဆက်နေပြီး ကျွန်မတို့ကို အကူအညီ ပေးစေချင်ပါတယ်။ ဒါက ဘောလုံးနယ်ပယ် တခုထဲနဲ့ မဆိုင်ပါဘူး။ သူက ကျွန်မတို့ ပဲရစ်မြို့ အတွက် အရမ်းကို အရေးပါတဲ့ လူတယောက် ဖြစ်နေလို့ပါ။ သူက ကျွန်မတို့ရဲ့ လူငယ်ထု အတွက် မျှော်လင့်ချက် တခု ၊ စံပြပုဂ္ဂိုလ် တဦးပါပဲ။ ဒီစကားတွေ ပြောပေးလို့ ကျွန်မက ဘာအကျိုးအမြတ်မှ မရပါဘူး။ ဒါပေမယ့် ကျွန်မတို့က သူ့ကို အရမ်း တန်ဖိုးထားတယ် ဆိုတာ သိစေချင်ပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။