လာလီဂါ ရဲ့ အင်အားကြီး အသင်းဖြစ်တဲ့ ဘာစီလိုနာ အသင်း နဲ့ ကမ္ဘာ့ထိပ်တန်း တိုက်စစ်မှူးတွေထဲက တစ်ဦးအပါအဝင် ဖြစ်သူ လီယွန်နယ် မက်ဆီ တို့အကြား အနာဂါတ် ဟာ မရေရာ မသေချာမှုတွေ နဲ့ ပြည့်နှက်လာခဲ့ပြီးနောက်မှာတော့ ပီအက်စ်ဂျီ အသင်းက ထိုအခွင့်အရေးကို အမိအရ ဆုပ်ကိုင်ဖို့ အတွက် ကြံစည်နေပြီ ဖြစ်ပါတယ်။ ပြင်သစ် အင်အားကြီး အသင်းဖြစ်တဲ့ ပီအက်စ်ဂျီ အသင်းရဲ့ ကွင်းလယ် ကစားသမား ဖြစ်သူ လီအန်ဒရို ပါရီဒက် ကတော့ လီဂူးဝမ်း ချန်ပီယံဖြစ်တဲ့ ပီအက်စ်ဂျီ အနေနဲ့ ဘာစီလိုနာ အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီကို အသင်းထံ ခေါ်ယူဖို့ရာ အတွက် အားထုတ် ကြိုစားလျက် ရှိနေတယ်လို့ ပြောဆိုလိုက်ပါတယ်။

Photo Credit: AS English

မက်ဆီနဲ့ ဘာစီလိုနာ အကြား ချုပ်ဆိုထားတဲ့ စာချုပ် သက်တမ်းဟာ ဒီရာသီကုန်ဆုံးတဲ့ အချိန်ကျရင် ကုန်ဆုံးတော့မှာ ဖြစ်ပြီး၊ ဥရောပ ထိပ်တန်း အသင်းကြီး နှစ်သင်း ဖြစ်ကြတဲ့ ပီအက်စ်ဂျီ နဲ့ မန်ချက်စတာ စီးတီး အသင်းတို့က မက်ဆီ ကို ခေါ်ယူဖို့ရာ အတွက် အပြိုင်အဆိုင် စိတ်ဝင်စားလျက် ရှိနေကြပြီး ကြီးမားတဲ့ ကမ်းလှမ်းမှုတွေ အမျိုးမျိုး နဲ့ စည်းရုံးနေကြတာ ဖြစ်ပါတယ်။ မက်ဆီ ရဲ့ ကစားဖော်ဟောင်း ဖြစ်သူ၊ ဘာစီလိုနာ ကစားသမားဟောင်း နေမာ ကလည်း အာဂျင်တီးနား ကြယ်ပွင့် ဖြစ်သူ မက်ဆီနဲ့ အတူ ပြန်လည် တွဲဖက်ပြီး ကစားချင်တဲ့ စိတ်ဆန္ဒရှိကြောင်း ပြောဆိုပြီး နောက်မှာတော့ ပီအက်စ်ဂျီရဲ့ အားကစား ဒါရိုက်တာ ဖြစ်သူ လီယိုနာဒိုက မက်ဆီ ကို ခေါ်ယူဖို့ ကြိုးပမ်းနေကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

Photo Credit: AS English

သောကြာနေ့က ကစားခဲ့တဲ့ မောင့်ပီလီယာ နဲ့ ပွဲမတိုင်ခင်က ပီအက်စ်ဂျီ ကွင်းလယ်လူ ပါရီဒက်က အဆိုပါ အကြောင်းအရာ နဲ့ ပတ်သက်ပြီး သတင်းထောက်တွေ ကို အခုလိုပဲ ပြောကြားခဲ့ပါတယ်။ “ကျွန်တော်တို့ အသင်းကို လာပြီး ကစားမလား ဆိုတာက လီယို(မက်ဆီ)နဲ့သာ သက်ဆိုင်တဲ့ ကိစ္စရပ်တစ်ခုပါ။ ဘာ့ကြောင့်လဲ ဆိုတော့ အခုချိန်မှာ ပီအက်စ်ဂျီအသင်းက မက်ဆီကို ခေါ်ယူဖို့ စည်းရုံးနေတာကြောင့်ပါ။ ခင်ဗျားရဲ့ နိုင်ငံက နည်းပြ တစ်ဦးက နည်းပြနိုင်ဖို့ အတွက်နဲ့၊ ပြီးတော့ လီယိုနဲ့ တွဲဖက် ကစားရဖို့ အတွက် ဖြစ်နိုင်ချေ အခွင့်အရေးက အရမ်းကောင်းပါတယ်၊ အဲဒီလို ဖြစ်လာပါစေလို့ ကျွန်တော်တော့ မျှော်လင့်ပါတယ် ” လို့ ပြောဆိုသွားခဲ့ပါတယ်။ အသက် ၃၃ နှစ်ရှိပြီ ဖြစ်တဲ့ လီယွန်နယ် မက်ဆီ ဟာ ဒီရာသီ လာလီဂါ ပြိုင်ပွဲမှာ ဘာစီလိုနာ အသင်းအတွက် ၁၇ ပွဲပါဝင် ကစား ပေးထားပြီးတော့ ၁၁ ဂိုး အထိ သွင်းယူထားနိုင်ပါတယ်၊ ပြိုင်ပွဲစုံ သွင်းဂိုးအားဖြင့် ကတော့ စုစုပေါင်း ၁၄ ဂိုးအထိ ရှိတာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီ အသင်းဟာ အခုချိန်မှာတော့ လိုင်လီ အသင်းနဲ့ ရမှတ်တူ ဂိုးကွာဟချက် အနေအထားနဲ့ လီဂူဝမ်း အမှတ်ပေးဇယား အဆင့်၁ကို သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။