ပရီးမီးယားလိဂ် နာမည်ကြီးကလပ် တော့တင်ဟမ် ဟော့စပါးအသင်းရဲ့ အသစ်စက်စက် အားကစား ဒါရိုက်တာ ဖြစ်သူ ပါရာတစ်စီကတော့ သူဟာ အသင်းကနေ ထွက်ခွာချင်နေတဲ့ အသင်းရဲ့ အဓိက တိုက်စစ်မှူး ဟယ်ရီကိန်းကို ရောင်းချသွားမှာ မဟုတ်ပဲ အသင်းမှာသာ ဆက်ထိန်းထားဖို့ ကြိုးစားသွားမယ်လို့ လန်ဒန်မြို့ကို ရောက်ရှိအပြီး ပထမဦးဆုံး ပြုလုပ်တဲ့ အင်တာဗျူးမှာ ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၇နှစ် အရွယ် စပါးအသင်းနဲ့ အင်္ဂလန် လက်ရွေးစင်အသင်းတို့ရဲ့ အဓိက တိုက်စစ်မှူး ဟယ်ရီကိန်းဟာ သူ့ရဲ့ ကစားသမားဘဝ အတွက် ဆုဖလား အောင်မြင်မှုတွေ ရယူဖို့ စပါးအသင်းကနေ ထွက်ခွာချင်ကြောင်း တရားဝင် ဝန်ခံထားတဲ့ ကစားသမား ဖြစ်ပြီး လက်ရှိမှာတော့ အင်္ဂလန် လက်ရွေးစင်အသင်းနဲ့ အတူ ယူရို၂၀၂၀ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်နေပါတယ်။

Photo Credit: Goal

ဟယ်ရီကိန်းဟာ စပါးအသင်းရဲ့ လူငယ် အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ကစားသမား တဦး ဖြစ်ပြီး စပါးအသင်း အတွက် ပြိုင်ပွဲစုံမှာ ၃၃၆ပွဲ အထိ ပါဝင် ကစားပေးထားကာ ၂၂၁ဂိုး အထိ သွင်းယူပေးနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၄၇ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ ဟယ်ရီကိန်းက စပါးအသင်း ကနေ ထွက်ခွာတော့မယ်လို့ ပြောခဲ့တဲ့ အချိန်မှာ ဟယ်ရီကိန်းကို ခေါ်ယူဖို့ ပရီးမီးယားလိဂ် အင်အားကြီးအသင်း နှစ်သင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့က စိတ်ဝင်စားခဲ့ကြပြီး မန်ချက်စတာ စီးတီးအသင်းဟာ ဟယ်ရီကိန်းကို ပြောင်းရွှေ့ကြေး ပေါင် ၁၀၀သန်းနဲ့ ကမ်းလှမ်းခဲ့ပါတယ်။

ဒါပေမယ့် စပါးအသင်းကတော့ မန်ချက်စတာ စီးတီးအသင်းရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ပြီး အသင်းရဲ့ အဓိက တိုက်စစ်မှူး ဖြစ်သူ ဟယ်ရီကိန်းကို အသင်းမှာ ဆက်လက် ထိန်းသိမ်းနိုင်ဖို့ ကြိုးစားနေပါတယ်။ စပါးအသင်းရဲ့ အားကစား ဒါရိုက်တာ ဖြစ်သူ ပါရာတစ်စီကတော့ ဟယ်ရီကိန်းနဲ့ ပတ်သတ်ပြီး အသင်းရဲ့ သဘောထားကို ရှင်းရှင်းလင်းလင်း ပြောကြားသွားပြီး သူတို့ဟာ ဟယ်ရီကိန်းကို ဘယ်လိုနည်းနဲ့မှ မရောင်းချဘူးလို့ ဆိုပါတယ်။

Photo Credit: Goal

ဟယ်ရီကိန်းနဲ့ ပတ်သတ်ပြီး ပါရာတစ်စီက – “ဟယ်ရီကိန်းကို အသင်းမှာ ဆက်ပြီး ထိန်းသိမ်းထားဖို့က ကျွန်တော့်ရဲ့ ရည်ရွယ်ချက်ပဲ မဟုတ်ပါဘူး။ အသင်းရဲ့ သဘောထားလည်း ဖြစ်ပါတယ်။ သူက ထိပ်တန်း ကစားသမား တယောက်ပါ။ ဂျူဗင်တပ်အသင်းမှာ ကျွန်တော် ရှိနေတုန်းက ကံကောင်းထောက်မစွာနဲ့ ထိပ်တန်း တိုက်စစ်မှူး အများကြီးနဲ့ ဆုံခဲ့ရပါတယ်။ ဒါကြောင့် ဟယ်ရီကိန်းနဲ့ တွေ့ရတဲ့အပေါ် ကျွန်တော် ပျော်မိပါတယ်။ ကျွန်တော် သူနဲ့ စကားပြောရမှာကို မစောင့်နိုင်တော့ပါဘူး။ သူဟာ ကမ္ဘာပေါ်က ထိပ်တန်း တိုက်စစ်မှူးတွေထဲက တဦးပါ။ သူ့မှာ ကောင်းမွန်တဲ့ ကြံ့ခိုင်မှု ရှိတယ်။ ပြီးတော့ သူ့ရဲ့ နည်းစနစ်ပိုင်းကလည်း ကောင်းတယ်။ သူဟာ ဘောလုံးကို ဘယ်ခြေနဲ့ရော ညာခြေနဲ့ပါ အဆုံးသတ်နိုင်ပါတယ်။ ပြီးတော့ သူက အသင်းဖော်တွေကိုလည်း ဂိုးသွင်းခွင့်တွေ ရရှိအောင် ဖန်တီးပေးနိုင်တဲ့ ကစားသမားပါ။ အခုချိန်မှာတော့ ကျွန်တော်က သူနဲ့ စကား ပြောဦးမှာ မဟုတ်ပါဘူး။ ယူရိုပြိုင်ပွဲဝင် နေတဲ့ ကျွန်တော်တို့ရဲ့ ကစားသမားကို မနှောင့်ယှက်ချင်ပါဘူး” လို့ ပြောကြားသွားတာပါ။