ဖိလစ်ပိုင်နိုင်ငံရဲ့ နိုင်ငံဂုဏ်ဆောင် ကြယ်ပွင့် လက်ဝှေ့သမား တဦး ဖြစ်သလို ကမ္ဘာ့လက်ဝှေ့လောကရဲ့ အအောင်မြင်ဆုံး လက်ဝှေ့သမားတွေထဲက တဦး အဖြစ် သတ်မှတ်ခံထားရတဲ့ ပက်ကွီအိုကတော့ သူဟာ လာမယ့် ၂၀၂၂ခုနှစ် ဖိလစ်ပိုင်နိုင်ငံ ရွေးကောက်ပွဲမှာ သမ္မတလောင်း အဖြစ် ပါဝင် ယှဉ်ပြိုင်တော့မယ်လို့ အတည်ပြု ကြေညာသွားခဲ့ပါတယ်။

အသက် ၄၂နှစ် အရွယ် ဝါရင့် လက်ဝှေ့သမားကြီး ပက်ကွီအိုဟာ လက်ရှိအချိန်အထိ ကြိုးဝိုင်းတွေထဲ ဝင်ရောက်ကာ တန်ကြေးမြင့် လက်ဝှေ့ပွဲတွေကို ယှဉ်ပြိုင်နေသေးပေမယ့် သူဟာ သမ္မတလောင်း တဦး အဖြစ် ရွေးကောက်ပွဲ ဝင်ဖို့ ပြင်ဆင်နေတာကြောင့် လက်ဝှေ့လောက ကနေ အနားယူဖွယ် ရှိနေပါတယ်။

Photo Credit: Express

ပက်ကွီအိုဟာ ဖိလစ်ပိုင်နိုင်ငံမှာ ကျော်ကြားတဲ့ ပါတီတွေထဲက တခု ဖြစ်တဲ့ PDP-Laban Partyရဲ့ ရွေးကောက်ခံ အမတ်တဦး ဖြစ်သလို ၂၀၂၂ခုနှစ် ရွေးကောက်ပွဲ အတွက် PDP-Laban Partyဟာ ပက်ကွီအိုကို သမ္မတလောင်း တဦး အဖြစ် ရွေးချယ် စာရင်းပေးသွင်းခဲ့ကြောင်း ဖိလစ်ပိုင် အခြေစိုက် သတင်းဌာနတွေက ယမန်နေ့ နေ့လယ်ပိုင်းမှာပဲ အခိုင်အမာ ဖော်ပြခဲ့ကြပါတယ်။

ပက်ကွီအိုကလည်း အဆိုပါ သတင်းတွေဟာ မှန်ကန်မှုရှိကြောင်း သူ့ရဲ့ တွစ်တာအကောင့် ကနေ အတည်ပြု ကြေညာခဲ့ပြီး သူဟာ ဖိလစ်ပိုင်နိုင်ငံကို တိုးတက်အောင် လုပ်ဆောင်ပေးနိုင်ဖို့ ရည်ရွယ်ထားကြောင်း ဖွင့်ဟ ပြောကြားခဲ့ပါတယ်။

Photo Credit: Express

ပက်ကွီအိုက – “ကျွန်တော်က ဖိလစ်ပိုင်နိုင်ငံ အတွက် သမ္မတလောင်း တဦး အဖြစ် ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ဖို့ ရဲရင့်စွာ လက်ခံခဲ့ပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ တိုးတက်မှုတွေ လိုအပ်ပါတယ်။ ပြီးတော့ ကျွန်တော်တို့က ဆင်းရဲမွဲတေမှုကို တိုက်ဖျက်နိုင်ဖို့ လိုပါတယ်။ ကျွန်တော်တို့ဟာ ပြည်သူတွေ အတွက် ဂုဏ်သိက္ခာနဲ့ ပြည့်စုံကာ စာနာ နားလည်ပေးတတ်တဲ့ အစိုးရတရပ်ကို လိုအပ်နေပါတယ်။ ပြောင်းလဲရမယ့် အချိန်ကို ရောက်နေပါပြီ။ ကျွန်တော်ကတော့ ဖိလစ်ပိုင်နိုင်ငံကို ဦးဆောင်နိုင်အောင် ကြိုးစားဖို့ အဆင်သင့်ပါပဲ” ဆိုပြီး ထုတ်ဖော် ပြောကြားခဲ့တာပါ။

PDP-Laban Partyဟာ လက်ရှိ ဖိလစ်ပိုင်နိုင်ငံရဲ့ သမ္မတ ဒူတာတေးရဲ့ ပါတီ ဖြစ်တာကြောင့် ၂၀၂၂ခုနှစ် ဖိလစ်ပိုင် ရွေးကောက်ပွဲမှာ အနိုင်ရဖို့ ရေပန်းစားနေတဲ့ ပါတီတခု ဖြစ်ပြီး ပက်ကွီအိုဟာ ဒူတာတေး အလွန် ဖိလစ်ပိုင်နိုင်ငံကို အုပ်ချုပ်ရမယ့် သမ္မတတဦး ဖြစ်လာနိုင်ကြောင်း ခန့်မှန်းမှုတွေလည်း ရှိနေပါတယ်။