ချယ်လ်ဆီးအသင်းမှာ အတော်လေးကို တောက်ပလို့နေတဲ့ အင်္ဂလန် ကွင်းလယ်တိုက်စစ် ကစားသမား ကိုး ပါလ်မာနဲ့ ပတ်သက်ပြီး သူ့အသင်းဖော် မာခ့် ကူကူရယ်လာက ပါလ်မာရဲ့ တစ်ခုတည်းသော အားနည်းချက်က ဘောလုံးသမားပုံ မပေါက်တာပဲလို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။
မန်စီးတီး အကယ်ဒမီထွက် ကြယ်ပွင့်ကစားသမား ပါလ်မာဟာ ပြီးခဲ့တဲ့ ရာသီကမှ မန်စီးတီးကနေ ချယ်လ်ဆီးအသင်းဆီ ပြောင်းရွှေ့လာခဲ့ပြီး သူရဲ့ ချယ်လ်ဆီးကစားသမားဘဝ ပွဲဦးထွက် ရာသီမှာပဲ မထင်မှတ်ထားလောက်အောင် အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့ရင်း အသင်းကို အကျိုးပြုနိုင်ခဲ့ပါတယ်။
Photo Credit : Football365
ပြီးခဲ့တဲ့ ဘောလုံးရာသီက ချယ်လ်ဆီးအသင်းရဲ့ အကောင်းဆုံး ကစားသမားဆုတွေကို သိမ်းပိုက်ရယူခဲ့သလို PFA Young Player of the Award နဲ့ မကြာသေးခင်ကမှ ချီးမြှင့်ခဲ့တဲ့ အင်္ဂလန်ရဲ့ တစ်ရာစီအတွင်း အကောင်းဆုံး ကစားသမားဆုတွေကိုပါ ပိုင်ဆိုင်ခဲ့တဲ့ ပါလ်မာဟာ ဒီရာသီထဲမှာလည်း ချယ်လ်ဆီးအတွက် သွင်းဂိုး (၆)ဂိုး သွင်းယူပေးထားနိုင်ပါတယ်။
ဘရိုက်တန်နဲ့ပွဲမှာ ပထမပိုင်း ပွဲချိန်အတွင်းမှာပဲ တစ်ဦးတည်း သွင်းဂိုး (၄)ဂိုးသွင်းအထိ သွင်းယူနိုင်ခဲ့တဲ့ ပါလ်မာနဲ့ ပတ်သက်ပြီး အသင်းဖော် ကူကူရယ်လာက “ခင်ဗျားတို့တွေ ကိုး ပါလ်မာကို အသင်းဝတ်စုံနဲ့ မဟုတ်ဘဲ တွေ့မိမယ်ဆိုရင် သူ့ကို ဘောလုံးသမားတစ်ယောက်ဆိုတာ ခင်ဗျားတို့ ဘယ်လိုမှကို ထင်မိမှာ မဟုတ်ပါဘူး။”
Photo Credit : VOH
“ဒါပေမယ့် သူက ကွင်းထဲမှာဆိုရင်တော့ မတူတော့ဘူး။ သူ့ကန်သွင်းချက်တွေက ခက်ခက်ခဲခဲ ကန်သွင်းလိုက်ပုံ မပေါ်ပေမယ့်လည်း အဲ့ဒီကန်ချက်တွေကနေပဲ ဂိုးတွေအဖြစ် ပြောင်းလဲသွားတယ်။ သူက အရမ်းကွာခြားတယ်။ ဘယ်လိုရှင်းပြရမလဲတောင် မသိဘူး။ သူက တကယ်ကို ထူးခြားတယ်။ သူ့ကို ရထားတာ ကျွန်တော်တို့ အရမ်းကံကောင်းပါတယ်။”
“သူ ယူရိုမှာ ပွဲအနည်းငယ်ပဲ ကစားရတာလည်း ကျွန်တော်တို့ စပိန်အသင်းတွက် ကံကောင်းတယ်။ ယူရိုဖိုင်နယ်မှာလည်း လူစားဝင်လာပြီး ကျွန်တော်တို့ကို ဒုက္ခပေးလုနီပါးဖြစ်အောင် ကစားသွားခဲ့တယ်။ ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် သူဟာ အကောင်းဆုံးတွေထဲက တစ်ယောက် ဖြစ်လာမှာပါ။ ဆံပင်သန်မာမှု သိပ်မရှိတာက သူရဲ့ တစ်ခုတည်းသော ပြသာနာပါပဲ။ ကျန်တာတော့ အဆင်ပြေပါတယ်။” လို့ မှတ်ချက်ပြုလိုက်ပါတယ်။