MySport Myanmar

ချန်ပီယံလိဂ်ဖလားနဲ့ ဘာလွန်းဒေါဆုတို့ကို ရယူသွားဖို့ ပစ်မှတ်ထားထားတဲ့ ပါလ်မာ

ချယ်လ်ဆီးအသင်းရဲ့ အင်္ဂလန်ကြယ်ပွင့် ကစားသမား ကိုး ပါလ်မာက ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝအတွင်း သူရဲ့ ရည်မှန်းချက်ပန်းတိုင်တွေက ဥရောပ ချန်ပီယံလိဂ်ဖလားကြီးကို ဆွတ်ခူးဖို့နဲ့ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုဖြစ်တဲ့ ဘာလွန်းဒေါဆုကို ပိုင်ဆိုင်နိုင်ဖို့ ဖြစ်တယ်လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

အသက် (၂၂)နှစ်အရွယ် အင်္ဂလန် လက်ရွေးစင် ကွင်းလယ်တိုက်စစ်နဲ့ တောင်ပံကစားသမား ပါလ်မာက မန်ချက်စတာ စီးတီး လူငယ်အကယ်ဒမီကနေ ထွက်ပေါ်လာခဲ့သူဖြစ်ပြီး မန်စီးတီးမှာ ပုံမှန်ကစားခွင့် မရနိုင်တာကြောင့် ပြီးခဲ့တဲ့ ၂၀၂၃ နွေမှာပဲ မန်စီးတီးကနေ ချယ်လ်ဆီးအသင်းဆီ ပြောင်းရွှေ့ခဲ့ပါတယ်။

Photo Credit : Premier League

ပါလ်မာက ချယ်လ်ဆီးကစားသမားဘဝ ပွဲဦးထွက် ရာသီမှာပဲ မထင်ထားလောက်အောင် ခြေစွမ်းပြသခဲ့ပြီး ပြိုင်ပွဲစုံ (၄၅)ပွဲကစား (၂၅)ဂိုးသွင်း (၁၅)ဂိုးဖန်တီးပေးထားခဲ့ရင်း ပရီးမီးယားလိဂ်ရဲ့ လူငယ် အကောင်းဆုံး ကစားသမားဆု အပါအဝင် တစ်ဦးချင်း ဆုပေါင်းများစွာကိုပါ များစွာ ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။

အခုရာသီမှာလည်း ချယ်လ်ဆီးအတွက် အကောင်းဆုံး စွမ်းဆောင်ပေးနေတဲ့ ပါလ်မာက သူရဲ့ ကစားသမားဘဝအတွက် အကြီးမားဆုံး ရည်မှန်းချက်တွေ ချမှတ်ထားကြောင်းကို Men In Blazers ဆိုတဲ့ podcast အစီအစဉ်မှာ ထုတ်ဖော် ပြောကြားလာခဲ့ပါတယ်။ “ကျွန်တော်ရဲ့ ရည်မှန်းချက်ထဲက တစ်ခုကတော့ ဘာလွန်းဒေါဆုပါ။”

Photo Credit : Goal

“ဒီဆုကို ဘောလုံးသမားတိုင်းက ပိုင်ဆိုင်ချင်ကြသလို ကျွန်တော်လည်းပဲ ရယူချင်ပါတယ်။ နောက်ပြီး ချယ်လ်ဆီးအသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားကိုလည်း ဆွတ်ခူးချင်ပါတယ်။ ဆွတ်ခူးနိုင်ဖို့လည်း မျှော်လင့်ပါတယ်။ ဘောလုံးကစားပြီးတော့ ဘဝက ပြောင်းလဲသွားခဲ့ရတယ်။ တချို့နေရာတွေကို သွားလို့လည်း မရတော့အပြင် အရင်တုန်း (၅)ယောက်တစ်ဖွဲ့ ဘောလုံးကစားရတာကိုလည်း ပြန်လွမ်းမောမိပါတယ်။” လို့ ပြောဆိုသွားပါတယ်။

ပါလ်မာက ဒီရာသီမှာ ချယ်လ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ (၁၆)ပွဲ ကစားထားခဲ့ပြီး (၉)ဂိုးသွင်းယူထားနိုင်သလို (၆)ဂိုးဖန်တီးထားခဲ့ပါတယ်။ ဒါ့အပြင် ချယ်လ်ဆီးကိုလည်း ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ အာဆင်နယ်အသင်းနဲ့အတူ အဆင့်(၂)နေရာမှာ ရမှတ်တူ အနေအထားနဲ့ ရပ်တည်လျက် ရှိနေပြီး ဒီတစ်ပတ်မှာတော့ စပါးအသင်းနဲ့ လန်ဒန်ဒါဘီပွဲကို ဆင်နွဲသွားရတော့မှာ ဖြစ်ပါတယ်။

Exit mobile version