ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးရဲ့ အဓိက ကွင်းလယ်တိုက်စစ် ကစားသမား အဖြစ် ခြေစွမ်းပြနေတဲ့ ကိုးလ် ပါလ်မာက သူတို့အသင်းရဲ့ ကစားသမားတွေ အားလုံးက နည်းပြချုပ် ပိုချက်တီနိုကို ချစ်ကြသလို ပိုချက်တီနို အတွက် တိုက်ပွဲဝင်နေကြတယ်လို့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဘရိုက်တန် ၁-၂ ချယ်လ်ဆီး ပွဲအပြီးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၂နှစ် အရွယ် အင်္ဂလန် လူငယ်ကြယ်ပွင့် ကိုးလ် ပါလ်မာက ယခုနှစ် ဘောလုံးရာသီ အစမှာမှ မန်ချက်စတာ စီးတီး ကနေ ချယ်လ်ဆီးထံ ပြောင်းရွှေ့ကြေး ယူရို ၄၇သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး ချယ်လ်ဆီးက သူ့ကို ၂၀၃၀ခုနှစ် အထိ သက်တမ်း ရှိတဲ့ ကာလရှည် စာချုပ်တရပ် ချုပ်ဆိုထားပါတယ်။

Photo Credit: Standard

ချယ်လ်ဆီးက ကိုးလ် ပါလ်မာကို အနာဂတ်မှာ တောက်ပလာနိုင်တဲ့ လူငယ်ကြယ်ပွင့် အဖြစ် သတ်မှတ်ကာ ခေါ်ယူခဲ့ပေမယ့် ပါလ်မာကတော့ ချယ်လ်ဆီးထံ ရောက်ရှိပြီးနောက် ဆက်တိုက် ဆိုသလို ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပြီး ပါလ်မာက ချယ်လ်ဆီး အတွက် ဒီရာသီမှာ စုစုပေါင်း ၄၇ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၂၇ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၁၄ကြိမ် ရရှိထားပါတယ်။

ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဘရိုက်တန်နဲ့ ချယ်လ်ဆီးတို့ရဲ့ ပွဲစဉ်မှာလည်း ကိုးလ် ပါလ်မာက နီကိုလပ်စ် ဂျက်ဆန် ၊ မာဒူအက်ခီ ၊ မူဒရစ်ခ် စတဲ့ ကစားသမားတွေနဲ့ တွဲဖက်ကာ ချယ်လ်ဆီးရဲ့ တိုက်စစ်ကို ဦးဆောင်ကစားခဲ့ပြီး ပါလ်မာဟာ ပွဲချိန် ၃၄မိနစ်မှာ ချယ်လ်ဆီးအတွက် အရေးပါတဲ့ အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ချယ်လ်ဆီးအတွက် နောက်ထပ် အနိုင်ဂိုး တဂိုးကို လူစားဝင် တိုက်စစ်မှူး အန်ကွန်ကူက ပွဲချိန် ၆၄မိနစ်မှာ သွင်းယူပေးခဲ့တာ ဖြစ်ပြီး ဘရိုက်တန် အတွက် သိက္ခာဆယ် ချေပဂိုးကိုတော့ ပွဲချိန် ၉၀+၇မိနစ်မှာ ဝဲလ်ဘက်က သွင်းယူပေးခဲ့တာပါ။

Photo Credit: Team Talk

ဘရိုက်တန်ကို အဝေးကွင်းမှာ အနိုင်ရလိုက်တာကြောင့် ချယ်လ်ဆီးက လာမယ့်ရာသီမှာ ဥရောပပြိုင်ပွဲတွေကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရဖို့ အတော်လေးကို နီးစပ်သွားခဲ့ပြီး ကိုးလ် ပါလ်မာကတော့ အသင်းသားတွေ အားလုံးဟာ နည်းပြချုပ် ပိုချက်တီနိုကို ချစ်ကြသလို ပိုချက်တီနို အတွက် တိုက်ပွဲဝင်နေကြတယ်လို့ ပြောကြားရင်း ပိုချက်တီနိုကို အသင်းမှာ ဆက်ရှိနေစေချင်ကြောင်း ထုတ်ပြောလာခဲ့ပါတယ်။

ကိုးလ် ပါလ်မာက – “ဒီနိုင်ပွဲက နည်းပြကြီးရဲ့ စွမ်းဆောင်ရည်တွေကြောင့် ရလာတဲ့ နိုင်ပွဲပါ။ ကျွန်တော်တို့အသင်းရဲ့ ကစားသမားတွေ အားလုံးက နည်းပြကြီးကို ချစ်ကြသလို နည်းပြကြီး အတွက် တိုက်ပွဲဝင်နေကြပါတယ်” လို့ ပြောကြားရင်း ပိုချက်တီနိုကို အသင်းမှာ ဆက်ရှိနေစေချင်ကြောင်းအား အသင်းရဲ့ တာဝန်ရှိသူတွေကို သွယ်ဝိုက်ကာ အသိပေးသွားခဲ့တာပါ။