ချယ်လ်ဆီးအသင်းရဲ့ အဓိက တိုက်စစ်ကစားသမားဖြစ်တဲ့ ကိုး ပါလ်မာက သူဟာ အသင်းမှာ ပင်နယ်တီတွေ ကန်သွင်းဖို့အတွက် တာဝန်ယူထားရသူ ဖြစ်တာကြောင့် ပင်နယ်တီ ကန်ခွင့်ရတိုင်း သူပဲ ဆက်လက် ကန်သွင်းသွားချင်ပါတယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

အသက် (၂၁)နှစ်အရွယ် တိုက်စစ်ကစားသမား ပါလ်မာဟာ ဒီနွေကမှ မန်စီးတီးကနေ ချယ်လ်ဆီးအသင်းဆီကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး အခု သူရဲ့ ချယ်လ်ဆီးကစားသမားဘဝ ပွဲဦးထွက် ရာသီမှာပဲ အတော်လေးကို ခြေစွမ်းပြသထားနိုင်ခဲ့ပါတယ်။

Photo Credit : Jacobs Ben

ပါလ်မာဟာ မနေ့ညက ချယ်လ်ဆီးနဲ့ အဲဗာတန်တို့ပွဲစဉ်ထဲမှာ အသင်းအတွက် တစ်ဦးတည်း သွင်းဂိုး (၄)ဂိုးအထိ သွင်းယူပြီး လိဂ်ဂိုး အရေအတွက်ဟာလည်း ဂိုး(၂၀)ထိ ရှိလာခဲ့ကာ ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းအများဆုံး ကစားသမားစာရင်းမှာပါ သူ့အသင်းဖော်ဟောင်း ဟာလန်းနဲ့အတူ ပူးတွဲ ရပ်တည်လာနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ပါလ်မာဟာ မနေ့ညက သူ့အတွက် (၄)ဂိုးမြောက် သွင်းဂိုးဖြစ်လာမယ့် ပင်နယ်တီ ကန်သွင်းမှုမှာတော့ ပုံမှန်အတိုင်း ကန်သွင်းဖို့ ရှိခဲ့ပေမယ့်လည်း သူ့အသင်းဖော်တွေဖြစ်တဲ့ နီကိုလပ်စ် ဂျက်ဆင်နဲ့ မာဒူအက်ကေးတို့က ဒီပင်နယ်တီကို ကန်သွင်းဖို့ ဝိုင်းလုကြသလိုထိပါ ဖြစ်လာခဲ့ပါတယ်။

 

Photo Credit : talkSPORT

ဒီဖြစ်ရပ်အပေါ် ပါလ်မာက “ပွဲက (၄)ဂိုးပြတ်နဲ့ အနိုင်ရထားနေတဲ့အချိန်မှာ တခြား ကစားသမားတွေကလည်း ပင်နယ်တီကို ကန်ချင်ကြပါတယ်။ ဒါပေမယ့် ကျွန်တော်က ဒီအသင်းရဲ့ ပုံမှန် ပင်နယ်တီ ကန်သွင်းရတဲ့သူပါ။ အဲ့ဒါကြောင့် ကျွန်တော်ပဲ ကန်သွင်းချင်ပါတယ်။”

“ကျွန်တော်တို့ကြားမှာ အငြင်းအခုန် ဖြစ်သွားရတာက နည်းနည်းလေး များသွားရတယ် ဆိုပေမယ့်လည်း ကျွန်တော်တို့ အားလုံးက အသင်း အနိုင်ရဖို့ကိုပဲ ဦးစားပေးခဲ့တာပါ။ ပွဲအပြီးမှာတော့ ကျွန်တော်တို့ ရယ်မော နောက်ပြောင်နေခဲ့ပေမယ့်လည်း နည်းပြကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးပြောဆိုပါလိမ့်မယ်။” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။