MySport Myanmar

ကိုး ပါလ်မာက အင်္ဂလန်အတွက် ရှားပါး ကစားသမားမျိုး ဖြစ်တယ်လို့ ပိုစတီကိုဂလူး သုံးသပ်

တော့တင်ဟမ် ဟော့စပါးအသင်းရဲ့ နည်းပြကြီးဖြစ်သူ အန့်ဂျ် ပိုစတီကိုဂလူးက အင်္ဂလန် ကြယ်ပွင့်ကစားသမားလေး ကိုး ပါလ်မာဟာ အင်္ဂလန်အသင်းအတွက် ရှားပါးတဲ့ ကစားသမားမျိုးဖြစ်ပြီး ပွဲကစားခွင့်တွေလည်း ပိုမို ရရှိသွားသင့်တယ်လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

မန်ချက်စတာ စီးတီး အကယ်ဒမီထွက် ကစားသမားလေး ပါလ်မာဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာပဲ မန်စီးတီးကနေ ချယ်လ်ဆီးအသင်းဆီ ပြောင်းရွှေ့လာခဲ့ပြီးနောက် ချယ်လ်ဆီးမှာ အတော်လေးကို ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပြီး ဂိုးတွေလည်းသွင်း ဂိုးဖန်တီးမှုတွေလည်း လုပ်ဆောင်နိုင်ခဲ့ရင်း တစ်ဦးချင်း အကောင်းဆုံးဆုတွေပါ ပိုင်ဆိုင်ခဲ့ရပါတယ်။

Photo Credit : MSN

ဒီလို အရည်အသွေးကောင်းတွေကြောင့်ပဲ ပါလ်မာဟာ အင်္ဂလန်အသင်းရဲ့ ယူရို-၂၀၂၄ပြိုင်ပွဲ ကစားသမားစာရင်းမှာ ရွေးချယ်ခံခဲ့ရပေမယ့်လည်း ဆာဘီးယား ဒိန်းမတ်တို့နဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပွဲစဉ်တွေထဲမှာ လုံးဝ ပါဝင်ကစားရခြင်း မရှိပဲ အုပ်စုနောက်ဆုံးပွဲဖြစ်တဲ့ ဆလိုဗေးနီးယားနဲ့ ပွဲမှသာ ဒုတိယပိုင်း ပွဲချိန်အတွင်း ပါဝင်ခွင့်ရတာ ဖြစ်ပါတယ်။

ပါလ်မာဟာ ဆလိုဗေးနီးယားနဲ့ပွဲရဲ့ ဒုတိယပိုင်း ပွဲချိန် (၇၁)မိနစ်မှာပဲ ဆာကာနဲ့ လူစားဝင် ကစားခွင့်ရခဲ့တာဖြစ်ပြီး ကစားခွင့်ရတဲ့ မိနစ်အပိုင်းအခြားလေးမှာ အင်္ဂလန် တိုက်စစ်ပိုင်းအတွက် ထိရောက်မှု ရှိအောင် ကစားပြနိုင်ခဲ့လို့ ဒီကစားသမားနဲ့ ပတ်သက်ပြီး စပါးနည်းပြကြီး ပိုစတီကိုဂလူးက သူရဲ့ထင်မြင်ချက်တွေကို ပြောဆိုလာပါတယ်။

Photo Credit : Metro

“သူက ခြေထောက်ထဲ ဘောလုံးရနေပြီဆိုတာနဲ့ ပြိုင်ဘက်ကစားသမားတွေကို ဘယ်လို ချေမှုန်းရမလဲဆိုတာ ရှာတက်တယ်။ အဲ့ဒါက ပြိုင်ဘက်တစ်ဦးချင်းပဲဖြစ်ဖြစ် ခံစစ်လိုင်းကြီးပဲဖြစ်ဖြစ် သူက အဲ့ဒီလို ကြည့်တက်တယ်။ သူရဲ့ ပြိုင်ဘက်ခံစစ်ထဲ ကျွမ်းကျင်တဲ့ ထိုးဖောက်မှုတွေထဲကမှ တစ်ချက်ဆိုရင်တော့ ပြိုင်ဘက်ကစားသမား တစ်ဦးလောက်ကို ပွဲထဲကနေ ဆွဲထုတ်သွားတာလို့ ပြောရပါမယ်။”

“ဒီလို ကစားသမားမျိုးကို ပိုင်ဆိုင်ထားရပြီဆိုရင် သူက ပြိုင်ဘက်တွေရဲ့ နေရာလွတ်တွေကို အမြဲတမ်း ရှာတက်လေ့ရှိတဲ့အတွက် ပြိုင်ဘက်အသင်းရဲ့ ခံစစ်ပိုင်း ဘယ်လိုပုံစံမျိုးနဲ့ပဲ ဖွဲ့စည်းထားပါစေ ဒါတွေကို သူထည့်သွင်းမစဉ်းစားတော့ဘူး။ သူစဉ်းစားတာက ငါ ဒီခံစစ်တန်းကို ဖြိုဖျက်မလဲ ဒါမှမဟုတ် ဒီကစားသမားကို ဘယ်လိုအလဲထိုးရမလဲ ဆိုတာကိုပဲ တွေးတော့တယ်။ အဲ့ဒီလို ကစားသမားမျိုးက ရှားပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။

Exit mobile version