ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာပဲ ဥမန်ချက်စတာ စီးတီးကနေ ချယ်လ်ဆီးဆီ အံ့အားသင့်ဖွယ် ပြောင်းရွှေ့ခဲ့တဲ့ အင်္ဂလန် လူငယ်ကြယ်ပွင့် ပယ်လ်မာက သူဟာ ချယ်လ်ဆီးရဲ့ အနာဂတ်စီမံကိန်းတွေကို သဘောကျတာကြောင့် မန်ချက်စတာ စီးတီးကို စွန့်ခွာပြီး ချယ်လ်ဆီးဆီ ရဲရဲဝံ့ဝံ့ ပြောင်းလာခဲ့တာပါလို့ ချယ်ဆီးကစားသမားဘဝ ပထမဦးဆုံး အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၁နှစ် အရွယ် အင်္ဂလန် ယူ-၂၁လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ပယ်လ်မာက မန်ချက်စတာ စီးတီးရဲ့ လူငယ်အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ အရည်အသွေးမြင့် လူငယ် ကစားသမား ဖြစ်ပြီး သူဟာ စီးတီးရဲ့ သက်တမ်းအလိုက် အသင်းတွေ ဖြစ်တဲ့ ယူ-၁၈ ၊ ယူ-၂၃ စတဲ့ အသင်းတွေမှာ ကစားရင်း အသင်းကြီးဆီ ရောက်လာခဲ့သူပါ။

Photo Credit: Chelsea

ဘယ်ခြေအားသန် တောင်ပံတိုက်စစ် ကစားသမား ဖြစ်သူ ပယ်လ်မာက ပြိုင်ဘက်တွေကို လိမ်ခေါက် ဖြတ်ကျော်ရာမှာ ထူးချွန်သလို သူ့ရဲ့ ဘယ်ခြေနဲ့ အတွင်းဘက်ကို ချိုးဝင်ကာ ကန်သွင်းတဲ့ ကန်ချက်တွေကလည်း အတော်လေးကို တိကျတာကြောင့် အင်္ဂလန်ရဲ့ ရော်ဘင်လက်သစ် အဖြစ် တင်စားခံထားရပါတယ်။

ပယ်လ်မာက မန်ချက်စတာ စီးတီးမှာ ဆက်ကစားရင် မကြာခင်မှာ ပွဲထွက် ကစားသမား ဖြစ်လာဖို့ ရာခိုင်နှုန်း များနေပေမယ့် ပယ်လ်မာဟာ ချယ်လ်ဆီးရဲ့ ကမ်းလှမ်းမှု ရောက်လာချိန်မှာ အသင်းပြောင်းဖို့ ချက်ချင်း ဆုံးဖြတ်ခဲ့ပြီး ချယ်လ်ဆီးက ပယ်လ်မာကို ပြောင်းရွှေ့ကြေး ပေါင် ၄၀သန်းနဲ့ အမိအရ ခေါ်ယူခဲ့ပါတယ်။

Photo Credit: Team Talk

ပယ်လ်မာက ချယ်လ်ဆီးနဲ့ ၈နှစ် သက်တမ်း ရှိတဲ့ ကာလရှည် စာချုပ်တရပ် ချုပ်ဆိုခဲ့ပြီး ချယ်လ်ဆီး ကစားသမားဘဝ ပထမဦးဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပယ်လ်မာက သူဟာ ချယ်လ်ဆီးရဲ့ အနာဂတ် စီမံကိန်းကို သဘောကျတာကြောင့် အသင်းပြောင်းဖို့ ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။

ပယ်လ်မာက – “ကျွန်တော်က ချယ်လ်ဆီးကို ကိုယ်စားပြုပြီး ကစားပေးဖို့ စိတ်လှုပ်ရှားနေသလို ဒီအပြောင်းအရွှေ့က အတော်လေး ကောင်းတဲ့ အပြောင်းအရွှေ့ တခု ဖြစ်ခဲ့ပါတယ်။ ချယ်လ်ဆီးရဲ့ အနာဂတ် စီမံကိန်းတွေက ကောင်းမွန်သလို ကျွန်တော့်အတွက် ချယ်လ်ဆီးက ခြေစွမ်းပြနိုင်မယ့် အကောင်းဆုံးနေရာလို့ ယုံကြည်တာကြောင့် ချယ်လ်ဆီးဆီ ပြောင်းရွှေ့လာခဲ့တာပါ။ ချယ်လ်ဆီးမှာ ငယ်ရွယ်ပြီး အောင်မြင်မှုတွေကို ဆာလောင်တဲ့ အစုအဖွဲ့ ရှိပါတယ်။ ကျွန်တော်တို့တွေ အားလုံး အတူတူ စုပေါင်းပြီး ထူးခြားတဲ့ အောင်မြင်မှုတွေ ရယူနိုင်ဖို့ မျှော်လင့်ထားပါတယ်” ဆိုပြီး ထုတ်ဖော် ပြောဆိုသွားခဲ့တာပါ။