ဘရာဇီးနိုင်ငံရဲ့ ကလပ် အသင်းတစ်သင်းဖြစ်တဲ့ ပါးလ်မားစ် ဘောလုံး အသင်းဟာ တနင်္လာနေ့ညမှာ ဗီလာနိုဗာ အသင်းနဲ့ ကစားဖို့ ရှိတာဖြစ်ပေမယ့်လည်း လေယာဉ်ပျက်ကျမှုကြောင့် ကစားသမားလေးဦးအပါအဝင် အသင်းရဲ့ ဥက္ကဌဖြစ်သူတို့ အသက် ဆုံးရှုံးခဲ့ရတာကြောင့် ပွဲစဉ်ကို ရွှေ့ဆိုင်းလိုက်ရတယ်လို့ သိရပါတယ်။ ကလပ်ရဲ့ ထုတ်ပြန်ထားတဲ့ စာထဲမှာတော့ အသင်း ဥက္ကဌဖြစ်သူ လုကပ်စ် မီရာ၊ လေယာဉ်မှူး ဝက်ဂ်ျနာ မချာဒိုနဲ့ ကစားသမားလေးဦးဖြစ်ကြတဲ့ လုကပ်စ် ပရက်စီ၊ ဂီလီဟာမီနို၊ ရန်နျုးနဲ့ မားကပ်စ် မိုလီနာရီ တို့ဟာ တနင်္ဂနွေနေ့က လူဇင်မန်းဂတ်စ် မှာရှိတဲ့ ကိုယ်ပိုင် လေယာဉ်ကွင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ မတော်တဆမှုမှာ အသက်ဆုံးရှုံးခဲ့ရတယ်လို့ ပါဝင်ပါတယ်။

Photo Credit: Express

အဆိုပါ ကစားသမားလေးဦးစလုံးဟာ ပါးလ်မားစ် အသင်းကို ယခုနှစ် ၂၀၂၁ ကမှ ရောက်ရှိလာကြတဲ့ ကစားသမားသစ်တွေ ဖြစ်ကြပြီးတော့ ပြီးခဲ့တဲ့ တစ်ပတ်လောက်က ပရက်စီ၊ နိုးနဲ့ ရန်နျုး တို့ သုံးဦးဟာ ကိုရိုနာဗိုင်းရပ်စ် ပို့စတစ် ဖြစ်ထားကြောင်း ကြေညာထားခဲ့တဲ့ ကစားသမားတွေ ဖြစ်ကြပါတယ်။ သူတို့ဟာ ဘရာဇီး မြောက်ပိုင်းနဲ့ အနောက်အလယ်ပိုင်းမှာရှိတဲ့ အသင်း ၂၄ သင်းကြား နှစ်တိုင်း ယှဉ်ပြိုင် ကစားလေ့ရှိတဲ့ ကိုပါဗာဒီ ပြိုင်ပွဲအတွက် ဗီလာနိုဗာ အသင်းကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင် ကစားဖို့ အတွက် ဂိုယာနီးယား မြို့ကို လေယာဉ်အသေးစား နဲ့ လာရောက်ဖို့ ထွက်ခွာခဲ့ကြတာ ဖြစ်ပါတယ်။ Global Esporte သတင်းဌာနရဲ့ အဆိုအရ လေယာဉ်ဟာ မြေပြင်ကနေ ပျံတက်ပြီး သိပ်မကြာခင်မှာပဲ ပျက်ကျခဲ့တာ ဖြစ်ပြီး‌ လေယာဉ်ပြေးလမ်းရဲ့ အဆုံးနားမှာ မြေပြင်ပေါ်ကို ပြန်ကျခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Express

အသင်းဘက်ကတော့ အဆိုပါ ဖြစ်ရပ်အတွက် အခုလိုပဲ ထုတ်ပြန်ကြေညာထားပါတယ်။ “ ပါးလ်မားစ် ဘောလုံးအသင်းကနေ တနင်္ဂနွေနေ့ မနက် ၈:၁၅ အချိန်မှာ ကြေညာလိုက်ရပါတယ်၊ တနင်္လာနေ့ ၂၅ ရက်နေ့မှာ ကစားမယ့် ဗီလာနိုဗာနဲ့ ပါးလ်မားစ် ကြား ကစားမယ့် Green Cup အတွက် ဂိုယာနီးယား ကို ပျံသန်းမယ့် အသင်းရဲ့ ဥက္ကဌဖြစ်သူ လုကပ်စ် မီရာ ပါဝင်တဲ့ လေယာဉ်ဟာ မတော်တဆမှုနဲ့ ကြုံခဲ့ရပါတယ်။ လုကပ်စ် လိုက်ပါတဲ့ လေယာဉ်မှာ လေယာဉ်မှူး ဖြစ်သူ ဝက်ဂျနာ၊ ကစားသမားတွေဖြစ်ကြတဲ့ လုကပ်စ် ပရက်စီ၊ ဂီလီယာမီနို၊ ရန်နျုး နဲ့ မားကပ်စ် မိုလီယာနို တို့လည်း လိုက်ပါခဲ့ကြပြီး လေယာဉ် ဟာ ပြေးလမ်းရဲ့ အဆုံးမှာ ပျက်ကျခဲ့ရပါတယ်။ အသက်ရှင်ကျန်ရစ် သူတစ်ယောက်မှ မရှိတဲ့ အတွက် ကျွန်တော်တို့ ကြေညာရတာ စိတ်မကောင်းပါဘူး။ အခုလို နာကျင်စရာကောင်းတဲ့ အချိန်မျိုးမှာ အသင်းအနေနဲ့ လိုအပ်တဲ့ အထောက်အပံ့တွေ ပေးမယ့် ဆွေမျိုးတွေ အတွက် ဆုတောင်းပေးပါတယ်၊ ပြီးတော့ အချိန်တန်ရင် နောက်တစ်ကြိမ် ထပ်မံပြောဆိုပါမယ်လို့ အလေးထား ပြောကြားလိုပါတယ် ” လို့ ဖော်ပြထားပါတယ်။