ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ရဲ့ နောက်ဆုံးနေ့တုန်းက ဖူလ်ဟမ်ကနေ ဘိုင်ယန်မြူးနစ်အသင်းဆီ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့သေးတဲ့ ကွင်းလယ်ကစားသမား ဂျာအို ပါလင်ညာက လက်ရှိမှာတော့ သူရဲ့ကလပ်အသင်း ဖူလ်ဟမ်နဲ့ပဲ စာချုပ်သစ် ချုပ်ဆိုလိုက်ပါတယ်။
ဘိုင်ယန်အသင်းဆီ ပြောင်းရွှေ့ဖို့အတွက် ဆေးစစ်မှုတွေအထိပါ ပြုလုပ်ခဲ့ပြီးမှ စာရွက်စာတမ်းတွေ အချိန်မီ မပို့နိုင်ခဲ့တာကြောင့် အပြောင်းအရွှေ့ ပျက်သွားခဲ့ရပြီး ဖူလ်ဟမ်မှာပဲ သောင်တင်နေခဲ့တဲ့ ပါလင်ညာဟာ အခုတော့ ဖူလ်ဟမ်နဲ့ပါ သက်တမ်းတိုးလိုက်ပြီပဲ ဖြစ်ပါတယ်။
Photo Credit : Twitter
ပြီးခဲ့တဲ့နှစ် နွေရာသီကမှ ပေါ်တူဂီ နာမည်ကြီးကလပ် စပို့တင်း လစ္စဘွန်းအသင်းကနေ ဖူလ်ဟမ်အသင်းဆီ ရောက်ရှိလာခဲ့တဲ့ အသက် (၂၈)နှစ်အရွယ် ပေါ်တူဂီ ကွင်းလယ်လူ ပါလင်ညာဟာ ဖူလ်ဟမ်ရဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်လာခဲ့ပြီး အသင်းတိုင်းက စောင့်ကြည့်ခံနေရတဲ့ ကစားသမားပါ ဖြစ်လာခဲ့ပါတယ်။
ပရီးမီးယားလိဂ် ပွဲဦးထွက်ရာသီမှာပဲ အကောင်းဆုံး တောက်ပခဲ့တဲ့ ပါလင်ညာကို ဝက်စ်ဟမ်းအသင်းကလည်း ဒီကလန်ရိုက်စ် နေရာမှာ အစားထိုးဖို့အတွက် ခေါ်ယူချင်ခဲ့သလို ကွင်းလယ်ကစားသမား အလိုရှိနေတဲ့ လီဗာပူးလ်ကလည်း စိတ်ဝင်စားခဲ့ပါသေးတယ်။
Photo Credit : Twitter
ဒါပေမယ့် Transfer Deadline Day နေ့မှာတော့ ပါလင်ညာက ဘိုင်ယန်ကစားသမားသစ် ဖြစ်လာဖို့ လုံးဝ နီးစပ်ခဲ့ရာကနေ အပြောင်းအရွှေ့ အထမမြောက်ခဲ့ရတဲ့အပြင် အခုတော့ ဖူလ်ဟမ်နဲ့ပါ ၂၀၂၈ခုနှစ် + ထပ်တိုး (၁)နှစ်နဲ့ စာချုပ်သစ်ကို ချုပ်ဆိုလိုက်ရပြီပဲ ဖြစ်ပါတယ်။
“ကျွန်တော်ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ခင်ဗျားတို့တွေ အများကြီး ကြားထားခဲ့ရပေမယ့်လည်း ကျွန်တော်ကတော့ ဖူလ်ဟမ်အတွက်ပဲ အာရုံစိုက်နေပါတယ်။ ဒီအသင်းအတွက် ကျွန်တော် ရာနှုန်းပြည့် ပေးဆပ်သွားမှာပါ” လို့ ပါလင်ညာက ဝန်ခံ ပြောဆိုသွားခဲ့ပါတယ်။