ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်အသင်းရဲ့ ဂန္တဝင် ကစားသမားကြီး ဗီအဲရာ ကိုင်တွယ်နေတဲ့ ခရစ္စတယ် ပဲလေ့စ်အသင်းဟာ အာဆင်နယ်အသင်းရဲ့ ကာလရှည် ပစ်မှတ် ကစားသမား တဦး ဖြစ်တဲ့ ဆဲလ်တစ် တိုက်စစ်မှူး အူဒိုရပ်ကို ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ကြောင်း သိရပါတယ်။

ပရီးမီးယားလိဂ်မှာ ဆက်လက် ရှင်သန်နိုင်ဖို့ အတွက် လူအင်အား ဖြည့်တင်းမှုတွေ ပြုလုပ်နေတဲ့ ခရစ္စတယ် ပဲလေ့စ်အသင်းဟာ ယခုနှစ် နွေဈေးကွက် မပိတ်သိမ်းမီ တိုက်စစ်မှူး တဦးကို အရ ခေါ်ယူဖို့ ကြိုးစားနေတဲ့ အသင်း ဖြစ်ပြီး အာဆင်နယ်အသင်းရဲ့ လူငယ် တိုက်စစ်မှူး အမ်ခီးတီးယားကို ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပေမယ့် အာဆင်နယ်အသင်းက တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေး ပေါင် ၁၅သန်းကို မပေးချေလိုတာကြောင့် အူဒိုရပ်ကို ပြောင်းလဲ ခေါ်ယူခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: The Sun

ခရစ္စတယ် ပဲလေ့စ်အသင်းဟာ အူဒိုရပ်ကို ပြောင်းရွှေ့ကြေး ယူရို ၁၈သန်းနဲ့ ၁၉သန်းကြား ပမာဏ တခုနဲ့ ခေါ်ယူဖို့ အတွက် ဆဲလ်တစ်အသင်းနဲ့ သဘောတူညီမှု ရခဲ့တာ ဖြစ်ပြီး ကစားသမားဟာ ယနေ့မနက်ပိုင်းမှာပဲ ဆေးစစ်မှုတွေ လုပ်ဆောင်ဖို့ လန်ဒန်မြို့ဆီ ရောက်လာပါတယ်။

အသက် ၂၃နှစ် အရွယ် ပြင်သစ်တိုက်စစ်မှူး အူဒိုရပ်ဟာ ဆဲလ်တစ်အသင်း အတွက် ပြိုင်ပွဲစုံမှာ ၁၇၉ပွဲ ကစားပေးခဲ့ရာ သွင်းဂိုး ၈၆ဂိုး အထိ သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၃၉ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: The Sun

ဒါကြောင့် အူဒိုရပ်ကို ခေါ်ယူနိုင်ခဲ့တာဟာ ခရစ္စတယ် ပဲလေ့စ်အသင်း အတွက် ကောင်းမွန်တဲ့ အပြောင်းအရွှေ့ တရပ် ဖြစ်ခဲ့ပြီး စကော့တလန်မြေမှာ ဂိုးသွင်းကြမ်းခဲ့တဲ့ အူဒိုရပ် တယောက် ပရီးမီးယားလိဂ်မှာရော ခြေစွမ်းကောင်းတွေ ထုတ်ပြနိုင်မလား ဆိုတာ ဆက်လက် စောင့်ကြည့်ရမှာပါ။