ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်ကစားသမားလေ ပတ်ဒရီ ဂွန်ဇာလက်ဇ်ကတော့ မနေ့ညက ဘီလ်ဘာအိုအသင်းနဲ့ ပွဲစဉ်မှာပဲ ဒဏ်ရာရသွားခဲ့လို့ ချက်ချင်း လူစားလဲလိုက်ရပေမယ့် ဒီဒဏ်ရာကို ခွဲစိတ်ခြင်း ပြုလုပ်မှာ မဟုတ်ပဲ အခုဘောလုံးရာသီ မကုန်ဆုံးခင် ဘောလုံးပြန်ကစားဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

အသက် (၂၁)နှစ်အရွယ် စပိန်လက်ရွေးစင် ကွင်းလယ်လူ ပတ်ဒရီဟာ ဘာစီလိုနာအသင်းအတွက်ရော စပိန်အသင်းအတွက်ပါ အရေးပါလှတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ၂၀၂၁-၂၀၂၂ ဘောလုံးရာသီကနေ စတင်ပြီး ဒဏ်ရာပြသာနာတွေနဲ့ပါ လုံးပန်းလာခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit : Barca Universal

အဲ့ဒီရာသီတုန်းက ဒဏ်ရာ (၄)မျိုးအထိတောင် ရရှိခဲ့ပြီး ပွဲစဉ်ပေါင်း (၄၁)ပွဲအထိ လွဲချော်ခဲ့ရသလို ပြီးခဲ့တဲ့ ၂၀၂၂-၂၀၂၃ ရာသီကလည်း ကြွက်သားဒဏ်ရာ တံကောက်ကြောဒဏ်ရာတွေနဲ့ ပွဲပေါင်း (၁၅)ပွဲခန့်အထိ ထပ်မံ လွဲချော်ခဲ့ရပြန်ပါတယ်။

ဒီနှစ်ဘောလုံးရာသီထဲမှာလည်း ပတ်ဒရီက သူရဲ့ ဒဏ်ရာဟောင်းနှစ်ခုကို ပြန်လည် ရင်ဆိုင်ခံစားရင်းနဲ့ နောက်ထပ် (၁၅)ပွဲခန့်အထိ လွဲချော်ခဲ့ပြီးနောက် အခု ဘီလ်ဘာအိုနဲ့ပွဲမှာပါ တံကောက်ကြောဒဏ်ရာ ထပ်ရသွားတာက ကစားသမားဘဝရဲ့ (၆)ကြိမ်မြောက် တံကောက်ကြောဒဏ်ရာ ဖြစ်သွားခဲ့ရပါတယ်။

Photo Credit : Barca Universal

တကယ်ဆို ပတ်ဒရီအနေနဲ့ ပွဲဆက်တွေ အမြောက်အများ ပါဝင်ကစားတာ မနားတမ်း ပွဲတွေကို ဆက်တိုက်ကစားခြင်းရဲ့ အကျိုးဆက်တွေကြောင့် ငယ်ငယ်ရွယ်ရွယ်လေးနဲ့ injury prone player တစ်ဦးလို ဖြစ်လာစေခဲ့ရပြီး အကောင်းဆုံးတွေ လုပ်ပြနိုင်ရမယ့် အရွယ်မှာပဲ အခုလို မကြာခဏ ဒဏ်ရာရနေတာ သူ့အတွက် အတော်လေးကို ထိုးနှက်ချက် ဖြစ်စေရပါတယ်။

အခုလည်း ပတ်ဒရီက သူရဲ့ဒဏ်ရာကို ခွဲစိတ်မှု ခံယူလိုက်မယ်ဆိုရင် ဘာစီလိုနာအသင်းရဲ့ ဒီရာသီ လက်ကျန်ပွဲတွေအပြင် အခန့်မသင်ရင် ယူရို-၂၀၂၄အထိပါ လွဲချော်ရနိုင်တာမို့ ဒဏ်ရာ သက်သာလာမယ့် အချိန်ကို စောင့်ဆိုင်း ကုသရင်း ရာသီမကုန်ခင်မှာပဲ ပြန်ကစားနိုင်အောင် ကြိုးပမ်းသွားဖို့ ရှိနေပါတယ်။