တစ်ချိန်က ကမ္ဘာ့အကောင်းဆုံး ကွင်းလယ် ကစားသမားတစ်ဦးအဖြစ် ပရိသတ်တွေရဲ့ လက်ခံခြင်းကို ခံထားရသလို လက်ရှိအချိန်မှာလဲ အာဆင်နယ်အသင်းရဲ့ အဓိက ကစားသမား တစ်ဦးအဖြစ် ခြေစွမ်းပြနေနိုင်တဲ့ ဝါရင့် ကွင်းလယ်တိုက်စစ် ကစားသမား အိုဇေးလ်ကတော့ သူဟာ ရီးရဲလ်မက်ဒရစ်အသင်းထံကို မပြောင်းမီမှာ ဘာစီလိုနာအသင်းထံကို ပြောင်းရွှေ့ချင်ခဲ့ပေမယ့် အဆိုပါအချိန်တုန်းက ဘာစီလိုနာ အသင်းရဲ့ နည်းပြအဖြစ် လုပ်ကိုင်နေတဲ့ ဂွာဒီယိုလာရဲ့ လုပ်ရပ်တစ်ခုကြောင့် ရီးရဲလ်မက်ဒရစ် ကိုပဲ ပြောင်းရွှေ့ခဲ့တာပါလို့ ဆိုသွားခဲ့ပါတယ်။ အိုဇေးလ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းကနေ အာဆင်နယ်အသင်းထံကို ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး သူဟာ အာဆင်နယ်အသင်းနဲ့အတူ အက်ဖ်အေဖလား အောင်မြင်မှု အများအပြားကို ရရှိထားတဲ့ ကစားသမားတစ်ဦးလဲ ဖြစ်ပါတယ်။

Photo Credit: Marca.com

အိုဇေးလ်ဟာ ၂၀၁၀ ကမ္ဘာ့ဖလားမှာ ဂျာမဏီ လက်ရွေးစင်အသင်းနဲ့အတူ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တာကြောင့် ဥရောပထိပ်သီး အသင်းတွေရဲ့ မျက်စိကျခြင်းကို ခံခဲ့ရတဲ့ ကစားသမားဖြစ်ပြီး အင်္ဂလန်အသင်းနဲ့ပွဲစဉ်မှာ ဂလင်းဂျွန်ဆင်ကို ကျော်ဖြတ်ပြေးကာ သွင်းဂိုးတစ်ဂိုး ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာက အဆိုပါ ပြိုင်ပွဲမှာ သူ့ရဲ့ အကောင်းဆုံးစွမ်းဆောင်ရည် တစ်ခုပဲ ဖြစ်ပါတယ်။ အဆိုပါအချိန်တုန်းက အိုဇေးလ်ဟာ ဂျာမဏီကလပ်အသင်းဖြစ်တဲ့ ဝါဒါဘရီမင်အသင်းမှာ ကစားနေသူတစ်ဦးဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ သူဟာ ဘာစီလိုနာ ၊ ရီးရဲလ်မက်ဒရစ် ၊ ဘိုင်ယန်မြူးနစ် ၊ မန်ယူ စတဲ့ ထိပ်သီးအသင်းတွေရဲ့ ကမ်းလှမ်းမှုတွေကို ရခဲ့ကာ သူ့အနေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းကို မော်ရင်ဟိုရဲ့ စွမ်းဆောင်မှုတွေကြောင့် ရောက်ခဲ့တာလို့ ဖွင့်ဟခဲ့ပါတယ်။

Photo Credit: Marca.com

ဘာစီလိုနာအသင်းကို ပြောင်းချင်ခဲ့ပေမယ့် ဂွာဒီယိုလာကြောင့် မပြောင်းရွှေ့ဖြစ်တဲ့ အကြောင်းကို အိုဇေးလ်က ” ၂၀၁၀ကမ္ဘာ့ဖလား ပြိုင်ပွဲပြီးတော့ ကျွန်တော်က ကမ်းလှမ်းမှု အတော်များများကို ရခဲ့ပါတယ်။ ဘာစီလိုနာ ၊ ရီးရဲလ်မက်ဒရစ် ၊ ဘိုင်ယန်မြူးနစ်နဲ့ မန်ယူ အသင်းတို့ဆီက ကမ်းလှမ်းမှုတွေကို ရခဲ့တာပါ။ အဲ့ဒီအချိန်မှာ ကျွန်တော်က ဘာစီလိုနာအသင်း ကို ပြောင်းရွှေ့ချင်ခဲ့တာပါ။ ဘာစီလိုနာအသင်း က ကျွန်တော်သဘောကျတဲ့ အသင်းပဲလေ။ ပြီးတော့ ကမ္ဘာပေါ်မှာ ဘောလုံးကို သူတို့လောက် ကောင်းအောင် ကစားနိုင်တဲ့ အသင်းမရှိပါဘူး။ ဒါပေမယ့် ဂွာဒီယိုလာက ကျွန်တော့်ဆီကို ဖုန်းခေါ်ခဲ့တာ မရှိပါဘူး။ ဘာစီလိုနာရဲ့ တာဝန်ရှိသူတွေကတော့ သူ ခရီးထွက်နေတယ်လို့ ပြောကြပါတယ်။ ဒါပေမယ့် ကျွန်တော်က ဂွာဒီယိုလာ အနေနဲ့ ကျွန်တော့်ကို အမှန်တကယ် လိုချင်ရဲ့လားဆိုပြီး သံသယဝင်ခဲ့ပါတယ်။ မော်ရင်ဟို ကတော့ မတူပါဘူး။ သူက ကျွန်တော့်ဆီ တက်တက်ကြွကြွနဲ့ကို ဖုန်းတွေ ဆက်ခဲ့တာပါ။ ဒါ့ကြောင့် အဆုံးသတ်မှာ ကျွန်တော်က ရီးရဲလ်မက်ဒရစ်ကို ရွေးချယ်ခဲ့တာပါ ” လို့ ပြောပြလာခဲ့ပါတယ်။