အာဆင်နယ် အသင်း ရဲ့ ကွင်းလယ်တိုက်စစ် ကစားသမား တစ်ဦး ဖြစ်တဲ့ မက်ဆု အို‌ဇေးလ် ကတော့ သူ့အနေနဲ့ အင်ဆင်နယ် အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတဲ့ အချိန်ကြရင် နောက်ထပ် ပရီးမီးယားလိဂ် ထိပ်တန်း အသင်းတစ်သင်းဆီကို ပြောင်းရွှေ့ချင်တယ်လို့ ဖွင့်ဟ ပြောဆိုလိုက်ပါတယ်။ ဂျာမန်လက်ရွေးစင် ကစားသမား တစ်ဦးဖြစ်တဲ့ အိုဇေးလ် နဲ့ မြောက်လန်ဒန် အသင်းကြီးတစ်သင်း ဖြစ်တဲ့ အာဆင်နယ် အကြား ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းဟာ နောက်ဆုံးနှစ်ထဲကို ရောက်ရှိနေပြီ ဖြစ်ပေမယ့်လည်း အာဆင်နယ် အသင်းအနေနဲ့ ကစားသမားကို စာချုပ်သက်တမ်း တိုးဖို့ထက် လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာပဲ သင့်တော်တဲ့ ပြောင်းရွှေ့ကြေး တစ်ရပ်နဲ့ ရောင်းထုတ်ဖို့ များနေတာ ဖြစ်ပါတယ်။

Photo Credit: Daily Mail

လာမယ့် ဇန်နဝါရီမှာ အာဆင်နယ် အသင်းအနေနဲ့ အိုဇေးလ် ကို မရောင်းချနိုင်ခဲ့ရင်တော့ ရာသီအကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်သွားရဖို့ ရှိနေပါတယ်။ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ကြယ်ပွင့် ကစားသမားဟောင်း တစ်ဦးဖြစ်တဲ့ အာဆင်နယ် ကစားသမား အိုဇေးလ် ဟာ ယခုလက်ရှိ အသင်းနည်းပြဖြစ်တဲ့ အာတီတာ ရဲ့ လက်ထပ်မှာ ပရီးမီးယားလိဂ် လူစာရင်းကနေကော၊ ယူရိုပါလိဂ် လူစာရင်းကနေပါ ချန်လှပ်ခံခဲ့ရပါတယ်။ ဒါပေမယ့်လည်း အိုဇေးလ် အနေနဲ့ အခုချိန်ထိ အသင်းမှာ တစ်ပတ်ကို လုပ်ခ ပေါင် သုံးသိန်းခွဲ ရရှိနေတာ ဖြစ်ပါတယ်။ အိုဇေးလ် ဟာ သူ့အနေနဲ့ အာဆင်နယ်အသင်းမှာ ဆက်ရှိချင်ကြောင်း ပွင့်ပွင့်လင်းလင်း ပြောဆိုထားပေမယ့်လည်း မလွှဲမရှောင်သာ ပြောင်းရွှေ့ခဲ့ရရင်လည်း သူ့အနေနဲ့ ထွက်ခွာပေးသွားမှာ ဖြစ်ပြီးတော့ အင်္ဂလန် မှာရှိတဲ့ အသင်းတစ်သင်းမှာပဲ ဆက်ကစားချင်တယ်လို့ နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ Mirror သတင်းဌာန ကို ပြောဆိုခဲ့ပါတယ်။

Photo Credit: Daily Mail

ဖော်ပြချက် အရတော့ အိုဇေးလ် ဟာ သူ့အနေနဲ့ ပရီးမီးယားလိဂ်မှာ ရှိတဲ့ အသင်းကြီးတစ်သင်း ထံ ဒါမှမဟုတ် အခြားလိဂ်က အသင်းကြီး တစ်သင်းထံ ပြောင်းရွှေ့ နိုင်လိမ့်မယ်လို့ ယုံကြည်ချက် အပြည့်ရှိနေကြောင်း သိရပါတယ်။ ကွင်းလယ်တိုက်စစ်ကစားသမား အိုဇေးလ် ဟာ အသက် ၃၂ နှစ်ရှိပြီ ဖြစ်ပေမယ့်လည်း ခြေစွမ်းပိုင်းက လုံးဝ ကျဆင်းသွားခြင်း မရှိသေးဘူးဆိုတာကိုတော့ လက်ခံရမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အိုဇေးလ် ကို ခေါ်ယူမယ့် နောက်အသင်းအနေနဲ့ သူ့ကို အာဆင်နယ်မှာ ရရှိတဲ့ လစာမျိုးနဲ့ ကမ်းလှမ်းသွားမှာ မဟုတ်ပဲ အိုဇေးလ်အနေနဲ့ လစာ လျှော့ယူရဖွယ် ရှိနေပါတယ်။ ရာသီအကုန်မှာ အိုဇေးလ်အနေနဲ့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့နိုင်မှာ ဖြစ်ပေမယ့်လည်း သူ့ကို ခေါ်ယူမယ့် အသင်းတွေ အနေနဲ့ သူ့ရဲ့ လစာကိုလျှော့ပေးတဲ့ အတွက် လျော်ကြေးအနေနဲ့ ပိုမိုများပြားတဲ့ စာချုပ် ချုပ်ဆိုခ ကို ပေးချေသွားရဖို့ ရှိနေပါတယ်။ အိုဇေးလ် အနေနဲ့ ဇန်နဝါရီလက စတင်ပြီး အခြားအသင်းတွေနဲ့ အကြိုသဘောတူညီမှု စာချုပ်မျိုး ချုပ်ဆိုနိုင်မှာ ဖြစ်ပါတယ်။