ပြီးခဲ့တဲ့ ရက်သတ္တပတ် အတွင်းမှာပဲ ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ အာဆင်နယ် အသင်းကနေ တူရကီ ထိပ်သီးကလပ် ဖီနာဘာချီ အသင်းထံ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာ သွားခဲ့တဲ့ ဂျာမန် လက်ရွေးစင် ကစားသမားဟောင်း မီဆွတ် အိုဇေးလ် ကတော့ အသင်းသစ်နဲ့ ပြုလုပ်ခဲ့တဲ့ မိတ်ဆက်ပွဲမှာ သူဟာ ဖီနာဘာချီ အသင်းအတွက် အကောင်းဆုံး ပေးဆပ် ကစားသွားမှာ ဖြစ်ကြောင်း ပရိသတ်တွေကို ကတိ ပေးသွားခဲ့ပါတယ်။

အသက် ၃၂နှစ် အရွယ်သာ ရှိသေးတဲ့ အိုဇေးလ်ဟာ ကွင်းလယ်တိုက်စစ် ကစားသမား တစ်ဦးအနေနဲ့ ဥရောပရဲ့ အဆင့်မြင့် ထိပ်သီးလိဂ် ၅ခုမှာ ကစားနိုင်စွမ်း ရှိသေးပေမယ့် ပြီးခဲ့တဲ့ မတ်လနှောင်းပိုင်းမှ စတင်ကာ အာဆင်နယ် အသင်းအတွက် ပွဲထွက် ကစားခွင့် မရတော့သလို အသင်းရဲ့ လူစာရင်း ကနေပါ ချန်လှပ်ခံခဲ့ ရတာကြောင့် ယခု ဇန်နဝါရီလ အပြောင်းအရွှေ့ အတွင်းမှာပဲ သူ ငယ်စဉ်ကတည်းက အားပေးခဲ့တဲ့ ဖီနာဘာချီ အသင်းထံ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Metro

တစ်ချိန်က ဥရောပရဲ့ အကောင်းဆုံး နံပါတ် ၁၀ ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ ရပေမယ့် အိုဇေးလ်ဟာ ဖီနာဘာချီ အသင်းမှာတော့ နံပါတ် ၁၀ကို ဝတ်ဆင် ကစားသွားမှာ မဟုတ်ပဲ ထိုအစား သူ့ရဲ့ တူရကီမျိုးနွယ် အဘိုးနဲ့အဘွားတို့ နေထိုင်ခဲ့ကြဖူးတဲ့ မြို့ငယ်လေး တစ်မြို့ရဲ့ စာပို့နံပါတ်ထဲမှာ ပါဝင်တဲ့ ၆၇ ဆိုတဲ့ ဂဏန်းကို ယူကာ ကျောနံပါတ် ၆၇ကို ဝတ်ဆင် ကစားသွားမှာပါ။

အိုဇေးလ်ဟာ သူ ငယ်စဉ်ကတည်းက အားပေးခဲ့ရတဲ့ ဖီနာဘာချီ အသင်းအတွက် ကစားပေးရတော့မှာ ဖြစ်တာကြောင့် အိမ်မက်တွေ အမှန်တကယ် ဖြစ်လာသလို ခံစားနေရကြောင်းနဲ့ သူဟာ ဖီနာဘာချီ အသင်းနဲ့ အတူ လိဂ်ချန်ပီယံဆုကို ရရှိဖို့ အတွက် အပတ်တကုတ် ကြိုးစား အားထုတ်သွားမှာ ဖြစ်ကြောင်း ဖီနာဘာချီ အသင်းရဲ့ ပရိသတ်တွေကို ကတိ ပေးသွားခဲ့ပါတယ်။

Photo Credit: Metro

အိုဇေးလ်ရဲ့ ဖီနာဘာချီ အသင်းဟာ လက်ရှိ ဘောလုံးရာသီမှာ တူရကီ စူပါလိဂ်ရဲ့ အဆင့် ၂ နေရာမှာ ရပ်တည်နေတဲ့ အသင်းတစ်သင်း ဖြစ်ပြီး ပွဲစဉ် ၂၀ ကစားထားရာမှာ ရမှတ် ၄၂မှတ် အထိ စုဆောင်း ထားနိုင်ခဲ့ကာ ဒါဟာ ထိပ်ဆုံးမှာ ရှိနေတဲ့ ဘီဆစ်တပ်အသင်းနဲ့ ၂မှတ်သာ ကွာဟတဲ့ အနေအထား ဖြစ်ပါတယ်။ ဒါ့ကြောင့်ပဲ အိုဇေးလ်က သူဟာ ဖီနာဘာချီ အသင်းနဲ့အတူ အမှတ်ပေး ချန်ပီယံ ဖြစ်ဖို့ အစွမ်းကုန် ပေးဆပ် ကစားသွားမှာ ဖြစ်ကြောင်း ဆိုခဲ့တာပါ။

ဖီနာဘာချီ အသင်းနဲ့အတူ ဆုဖလား အောင်မြင်မှု တစ်ခုကို အရယူဖို့ စိတ်ပိုင်းဖြတ်ထားပုံကို အိုဇေးလ်က “ကျွန်တော် ကတော့ ကျွန်တော်တို့ အသင်းဟာ လိဂ်ချန်ပီယံ ဖြစ်မယ်လို့ ယုံကြည်ထားပါတယ်။ ဖီနာဘာချီ အသင်းဆိုတာဟာ အမြဲတမ်း ဆုဖလားတေွ အတွက် အမြဲတမ်း ယှဉ်ပြိုင်နေတဲ့ အသင်းတစ်သင်း ဖြစ်ပါတယ်။ ဒီအသင်းဟာ ကျွန်တော် အရမ်းချစ်ရတဲ့ အသင်းတစ်သင်းပါ။ ကျွန်တော် တတ်နိုင်သလောက် အကောင်းဆုံး ကြိုးစားသွားပါ့မယ်။ အရာအားလုံးက အဆင်ပြေသွားမယ် လို့ ကျွန်တော် ထင်ပါတယ်” ဆိုပြီး ပြောကြား သွားပါတယ်။