အင်္ဂလန်အသင်းနဲ့ အီတလီအသင်းတို့ ယှဉ်ပြိုင် ကစားခဲ့တဲ့ ယူရို၂၀၂၀ပြိုင်ပွဲ ဗိုလ်လုပွဲမှာ အင်္ဂလန်အသင်း အတွက် အဆုံးအဖြတ် ပင်နယ်တီကို တာဝန်ယူ ကန်သွင်းခဲ့ပေမယ့် လွဲချော်ခဲ့တာကြောင့် ပြင်းထန်တဲ့ လူမျိုးရေး ခွဲခြားမှုတွေနဲ့ ကြုံနေရတဲ့ အင်္ဂလန်အသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ လူငယ်ကြယ်ပွင့် ဆာကာကို သူ့ရဲ့ အသင်းဖော်ဟောင်း အိုဇေးလ်က အားပေးစကား ပြောကြားသွားခဲ့ပါတယ်။

ဆာကာဟာ အင်္ဂလန်အသင်းက အီတလီအသင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အရေးနိမ့်ခဲ့တဲ့ ယူရို၂၀၂၀ ဗိုလ်လုပွဲမှာ အင်္ဂလန်အသင်းရဲ့ နောက်ဆုံး ပင်နယ်တီကို ကန်သွင်းခဲ့သူ ဖြစ်ပြီး အဆိုပါ ပင်နယ်တီကို ဝင်အောင် ကန်နိုင်ခဲ့ရင် နောက်ထပ် ပင်နယ်တီ ကန်သွင်းမှုတွေ ပြုလုပ်နိုင်မှာ ဖြစ်ပေမယ့် ဆာကာရဲ့ ပင်နယ်တီ ကန်ချက်ကို အီတလီ ဂိုးသမား ဒွန်နာရမ်မာက ပုတ်ထုတ် ကာကွယ်နိုင်ခဲ့တာကြောင့် အီတလီအသင်းဟာ အင်္ဂလန်အသင်းကို အနိုင်ရခဲ့တာပါ။

Photo Credit: Sky Sports

အဆိုပါပွဲ အပြီးမှာပဲ ပင်နယ်တီ လွဲချော်ခဲ့ကြတဲ့ ရက်ဖို့ဒ် ၊ ဆန်ချို ၊ ဆာကာတို့ကို ဒေါသထွက်နေတဲ့ အင်္ဂလန် ပရိသတ်တချို့က လူမျိုးရေး ခွဲခြားမှုတွေ ပြုလုပ်ခဲ့ကြပြီး နောက်ဆုံး ပင်နယ်တီကို လွဲချော်ခဲ့တဲ့ ဆာကာဟာ အဆိုးဝါးဆုံး ဖြစ်ခဲ့ပါတယ်။

လက်ရှိမှာတော့ ဗြိတိန်ရဲတပ်ဖွဲ့ဟာ ရက်ဖို့ဒ် ၊ ဆန်ချို ၊ ဆာကာတို့ကို လူမျိုးရေး ခွဲခြားမှုတွေ ပြုလုပ်ခဲ့တဲ့ ပရိသတ်တွေကို အပူတပြင်း ရှာဖွေကာ အရေးယူဖို့ ကြိုးစားနေသလို အင်္ဂလန် ဘောလုံးအဖွဲ့ချုပ်နဲ့ နာမည်ကြီး ကစားသမားတွေကလည်း ဆာကာတို့ သုံးဦးကို အားပေးစကားတွေ အသီးသီး ပြောကြားခဲ့ကြပါတယ်။

Photo Credit: Sky Sports

အာဆင်နယ်အသင်းမှာ ဆာကာရဲ့ အသင်းဖော်ဟောင်း ဖြစ်ခဲ့သူ အာဆင်နယ် ပရိသတ်တွေရဲ့ အချစ်တော် ကစားသမားဟောင်း အိုဇေးလ်ကတော့ ဆာကာကို အားပေးစကားတွေ ပြောကြားခဲ့သလို အသင်းအတွက် အရေးအကြီးဆုံး ပင်နယ်တီကို ကန်သွင်းဖို့ တာဝန်ယူရဲတဲ့ ဆာကာရဲ့ စိတ်ဓာတ်ကိုလည်း ချီးကျူးခဲ့ပါတယ်။

ဆာကာနဲ့ ပတ်သတ်ပြီး အိုဇေးလ်က – “ဆာကာရဲ့ သတင်းတွေကို ကြားရတော့ အရမ်းကို စိတ်မကောင်း ဖြစ်ရပါတယ်။ ကျွန်တော့်ရဲ့ အတွေ့အကြုံတွေအရ ပင်နယ်တီ လွဲချော်မှုကြောင့် ဘာတွေ ခံစားရမလဲ ဆိုတာ ကျွန်တော် ကောင်းကောင်း သိပါတယ်။ ဗိုလ်လုပွဲလိုမျိုး အရေးကြီးတဲ့ပွဲစဉ် ၊ အရမ်းကို အရေးပါတဲ့ နောက်ဆုံး ပင်နယ်တီ ၊ တနိုင်ငံလုံးရဲ့ ယုံကြည်မှုတွေကို ပခုံးပေါ် ထမ်းထားရတဲ့ ကိစ္စက လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ဒီအတွက်လည်း ဆာကာကို လေးစားမိပါတယ်။ ဒီလိုလုပ်ရပ်မျိုးကို တာဝန်ယူရဲတဲ့ ကစားသမား ဆိုတာ များများစားစား မရှိပါဘူး။ ပွဲတပွဲ ရှုံးတာနဲ့ ကစားသမား တယောက်ရဲ့ နောက်ခံ ၊ အသားအရောင်ကို ခွဲခြားပြီး ဝေဖန်ချင်တဲ့ လူတွေက ရှိကို ရှိပါတယ်။ ကံမကောင်းစွာနဲ့ အဲ့ဒီ လူအနည်းစုက လူမျိုးရေးခွဲခြားတယ် ၊ ပြီးတော့ ကစားသမားတွေကို ခြိမ်းခြောက်တတ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က အဲ့ဒီအရာတွေထက် ကျွန်တော်တို့ဆီ ရောက်လာတဲ့ အားပေးစကားတွေကိုပဲ ဂရုစိုက်သင့်ပါတယ်” လို့ အားပေးသွားခဲ့တာပဲ ဖြစ်ပါတယ်။