ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ အာဆင်နယ် အသင်းရဲ့ လုပ်ခလစာ အမြင့်ဆုံး ကစားသမား ဖြစ်သူ အိုဇေးလ် ကတော့ လက်ရှိ ဘောလုံးကမ္ဘာမှာ ရေပန်းအစားဆုံး မေးခွန်း တစ်ခု ဖြစ်တဲ့ ပေါ်တူဂီ ကြယ်ပွင့် ရိုနယ်ဒိုနဲ့ အာဂျင်တီးနား ကြယ်ပွင့် မက်ဆီတို့ နှစ်ဦးအနက် ဘယ်သူက ပိုကောင်းလဲ ဆိုတဲ့ မေးခွန်းနဲ့ ပတ်သတ်ပြီး သူ့ရဲ့ ထင်မြင်ချက်ကို သုံးသပ် ပြောကြား သွားခဲ့ပါတယ်။ အသက် ၃၂နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ ဂျာမန် ကွင်းလယ်လူ အိုဇေးလ်ဟာ ရီးရဲလ်မက်ဒရစ် အသင်းမှာ ရိုနယ်ဒိုနဲ့ အတူ တွဲဖက် ကစားခဲ့သူ ဖြစ်သလို ရီးရဲလ်မက်ဒရစ် အသင်းမှာ ကစားစဉ်က မက်ဆီနဲ့ ပြိုင်ဘက် အဖြစ် ယှဉ်ပြိုင် ကစားဖူးသလို လက်ရွေးစင်အသင်း အဆင့်မှာလည်း မကြာခဏ ဆိုသလို ရင်ဆိုင်ဖူးပါတယ်။

Photo Credit: Standard

ရိုနယ်ဒိုနဲ့ မက်ဆီတို့ နှစ်ဦးစလုံးဟာ တစ်ခေတ်ထဲမှာ အပြိုင် ပေါ်ခဲ့ကြတဲ့ ကစားသမားတွေ ဖြစ်ကြပြီး ရိုနယ်ဒိုဟာ သူ့ရဲ့ မြန်နှုန်းမြင့် ကစားဟန် ၊ ခေါင်းတိုက်စွမ်းရည် ၊ ဂိုးသွင်းကောင်းမှု စတဲ့ အချက်တွေနဲ့ ထိပ်တန်း ဂိုးသွင်းစက် တစ်လုံးအဖြစ် မွေးဖွားလာသူ ဖြစ်ပြီး မက်ဆီကတော့ သူ့ရဲ့ ရိုးရှင်းထိရောက်တဲ့ ကစားဟန် ၊ ဘောလုံးအမြင် ၊ ဂိုးသွင်းကောင်းသလို ဂိုးဖန်တီးမှုပါ ကောင်းမွန်တဲ့ ထိန်းချုပ်ရ ခက်ခဲတဲ့ ကစားသမား တစ်ဦး ဖြစ်ပါတယ်။ မက်ဆီနဲ့ ရိုနယ်ဒို ဘယ်သူက ပိုကောင်းလဲ ဆိုတဲ့ မေးခွန်းဟာ ကမ္ဘာ့ ဘောလုံးသမိုင်းမှာ အထင်ရှားဆုံး မေးခွန်းတစ်ခု ဖြစ်ပြီး နှစ်ဦးပေါင်း ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု ကို ၁၁ကြိမ်အထိ ရရှိခဲ့တာက မော်ဒန်ခေတ် ဘောလုံးလောကမှာ သူတို့ရဲ့ အောင်မြင်မှုနဲ့ ခြေစွမ်းကို အရှင်းဆုံး သက်သေပြထားတဲ့ အရာပါ။

Photo Credit: Standard

အိုဇေးလ်ကတော့ သူ့ရဲ့ အသင်းဖော်ဟောင်း တစ်ဦးဖြစ်သူ ရိုနယ်ဒိုက ဘာစီလိုနာ အသင်းနဲ့ အာဂျင်တီးနား အသင်းတို့ရဲ့ ကြယ်ပွင့် တိုက်စစ်မှူး မက်ဆီထက် အနည်းငယ် ပိုမို သာလွန်တယ် လို့ ထင်မြင်နေပြီး မက်ဆီဟာ လာလီဂါပြိုင်ပွဲ တစ်ခုထဲမှာပဲ သူ့ရဲ့ ခြေစွမ်းကို သက်သေ ပြထားပေမယ့် ရိုနယ်ဒို ကတော့ သူ ကစားတဲ့ လိဂ်တိုင်းမှာ အကောင်းဆုံး ကစားသမား အဖြစ် သက်သေ ပြထားသူ ဖြစ်ကြောင်း ရှင်းပြ သွားပါတယ်။ အိုဇေးလ်က “မက်ဆီက သူဟာ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦး ဖြစ်ကြောင်းကို စပိန်မှာ သက်သေပြထားပါတယ်။ ဒါပေမယ့် ရိုနယ်ဒို ကတော့ အမြဲတမ်း သူ ကစားခဲ့တဲ့ လိဂ်တွေမှာ အကောင်းဆုံး ကစားသမား အဖြစ် သက်သေပြထားတဲ့ ကစားသမား တစ်ဦးပါ” လို့ ပြောကြား သွားခဲ့ပါတယ်။