ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ အာဆင်နယ်အသင်းရဲ့ ယူရိုပါလိဂ် လူစာရင်းကနေရော ပရီးမီးယားလိဂ် လူစာရင်းကနေပါ ချန်လှပ်ခံခဲ့ရတဲ့ ကြယ်ပွင့် ကစားသမား အိုဇေးလ်ကတော့ အသင်းရဲ့ လုပ်ရပ်ကြောင့် စိတ်ပျက် အားငယ်နေရကြောင်း ဖွင့်ဟ ပြောကြား သွားခဲ့ပါတယ်။ အသက် ၃၁နှစ် အရွယ်သာ ရှိသေးတဲ့ ဂျာမန် ကွင်းလယ်လူ အိုဇေးလ်ဟာ အာဆင်နယ် အသင်းရဲ့ လုပ်ခလစာ အမြင့်မားဆုံး ကစားသမား ဖြစ်ပေမယ့် မတ်လအတွင်းမှာ ပြုလုပ်ခဲ့တဲ့ လစာလျှော့ယူရေး အစီအစဉ်မှာ အသင်းရဲ့ဘုတ်အဖွဲ့နဲ့ သဘောထား ကွဲလွဲမှုတွေ ဖြစ်ခဲ့ပြီး အဲ့ဒီနောက်ပိုင်းမှ စတင်ကာ အာဆင်နယ် အသင်းအတွက် ပွဲထွက်ခွင့် မရတော့ပါဘူး။

Photo Credit: Sports Bible

အိုဇေးလ်ကတော့ သူဟာ အသင်းအတွက် နေ့ရက်တိုင်းမှာ အကောင်းဆုံး ကြိုးစား လေ့ကျင့်ခဲ့ပေမယ့် အသင်းရဲ့ သူ့အပေါ် ဆက်ဆံမှုတွေဟာ တရားမျှတမှု မရှိသလို လူမဆန်ကြောင်း အိုဇေးလ်က သူ့ရဲ့ တွစ်တာ အကောင့်မှာ တင်သွားခဲ့ပါတယ်။ အာဆင်နယ်အသင်းနဲ့ သူနဲ့ကြားက ဖြစ်ပျက်ခဲ့တာတွေနဲ့ ပတ်သတ်ပြီး အိုဇေးလ်က –

Photo Credit: Sports Bible

“ဒီစာက အသင်းမှာ နှစ်ပေါင်းများစွာ ကစားခဲ့တဲ့ ကျွန်တော့်အတွက် အာဆင်နယ်အသင်းရဲ့ ပရိသတ်တွေဆီ ပေးပို့ဖို့ အတော်လေး ခက်ခဲတဲ့ စာတစ်စောင်ပါ။ အသင်းရဲ့ ပရီးမီးယားလိဂ် လူစာရင်းကနေ ချန်လှပ်ခံခဲ့ရတဲ့ အတွက် ကျွန်တော်ဟာ အတော်လေးကို စိတ်ပျက်မိပါတယ်။ ၂၀၁၈ခုနှစ်မှာ အသင်းနဲ့ စာချုပ်သစ်ကို ချုပ်ဆို ခဲ့တာက ကျွန်တော် ချစ်ရတဲ့ အာဆင်နယ်အသင်း အပေါ် ကျွန်တော့်ရဲ့ သစ္စာစောင့်သိမှုကို ပြသခဲ့တာပါပဲ။ ဒါ့ကြောင့် ဒီလိုမျိုး တုံ့ပြန်ခဲ့တာက ကျွန်တော့်ကို အတော်လေး ဝမ်းနည်းစေပါတယ်။ ကျွန်တော် သိရသလောက် ဒီနေ့ခေတ်မှာ သစ္စာရှိဖို့ ဆိုတာ အတော်လေး ခက်ခဲတဲ့ အရာတစ်ခုပါ။ ဒါပေမယ့် ကျွန်တော်ဟာ သီတင်းပတ် တစ်ပတ်ပြီး တစ်ပတ် အကောင်းမြင်စိတ်နဲ့ အသင်းရဲ့ လူစာရင်းမှာ ပြန်လည် ပါဝင်လာမယ့် နေ့ရက်ကို စောင့်ပြီး လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါ့ကြောင့်ပဲ ကျွန်တော်ဟာ အကြာကြီး တိတ်ဆိတ်နေခဲ့တာပါ”

Photo Credit: Sports Bible

“ကိုရိုနာဗိုင်းရပ် မပြန့်ပွားခင်တုန််းက အသင်းကို ရောက်လာတဲ့ နည်းပြသစ် အာတီတာရဲ့ လက်အောက်မှာ ကစားရတာကို ကျွန်တော် အတော်လေး ပျော်ခဲ့မိပါတယ်။ ကျွန်တော်တို့ဟာ ကောင်းမွန်တဲ့ လမ်းကြောင်း တစ်ခုပေါ်မှာ ရှိနေခဲ့သလို ကျွန်တော့်ရဲ့ စွမ်းဆောင်ရည်တွေကလည်း ကောင်းမွန်တဲ့ အနေအထား တစ်ရပ်မှာ ရှိခဲ့ပါတယ်။ ဒါပေမယ့် အခြေအနေတွေဟာ ထပ်ပြီး ပြောင်းလဲခဲ့ပြန်ပါတယ်။ ကျွန်တော်ဟာ အာဆင်နယ် အသင်းအတွက် ထပ်ပြီး မကစားရတော့ပါဘူး”

Photo Credit: Sports Bible

“ကျွန်တော် ဘာများ ပြောနိုင်ဦးမှာလဲဗျာ…။ လန်ဒန်မြို့ဟာ ကျွန်တော့်အတွက် အိမ်လို ဖြစ်နေပါပြီ။ ပြီးတော့ အသင်းမှာ ကျွန်တော့်ရဲ့ သူငယ်ချင်းတွေ အများကြီး ရှိနေသေးသလို ပရိသတ်တွေနဲ့ ကျွန်တော့်ကြားမှာလည်း ခိုင်မာတဲ့ ဆက်ဆံရေးတွေ ရှိပါတယ်။ ဘာပဲဖြစ်ဖြစ်ပါ။ ကျွန်တော်ဟာ ကျွန်တော့်ရဲ့ အခွင့်အရေးအတွက် တိုက်ပွဲဝင် သွားမှာ ဖြစ်ပြီး ကျွန်တော့်ရဲ့ အာဆင်နယ် ကစားသမားဘဝ ရှစ်ရာသီမြောက်ကို ဒီလိုမျိုးပုံစံနဲ့ အဆုံးမသတ်ချင်ပါဘူး။ ဒီလို ပြင်းထန်တဲ့ ဆုံးဖြတ်ချက်ဟာ ကျွန်တော့်ရဲ့စိတ်ကို ပြောင်းလဲစေမှာ မဟုတ်ဘူး လို့ ကျွန်တော် ကတိပေးနိုင်ပါတယ်။ ကျွန်တော်ဟာ လူမဆန်မှုတွေ ၊ တရားမမျှတမှုတွေ အတွက် ကျွန်တော် တတ်နိုင်သမျှ အကောင်းဆုံး လုပ်ဆောင်သွားမှာပါ” ဆိုပြီး ပြောကြားသွားပါတယ်။