ဥရောပ အင်အားကြီးအသင်းတွေ ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ အာဆင်နယ်တို့ရဲ့ ကစားသမားဟောင်း တဦး ဖြစ်သလို လက်ရှိအချိန်မှာ တူရကီ ထိပ်သီးကလပ် ဖီနာဘာချီရဲ့ အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူ ကစားနေတဲ့ ဝါရင့် ကွင်းလယ်တိုက်စစ် ကစားသမား မီဆွတ် အိုဇေးလ်ကတော့ ပရီးမီးယားလိဂ် အင်အားကြီး အသင်းတွေ ဖြစ်ကြတဲ့ မန်ချက်စတာ စီးတီးနဲ့ လီဗာပူးတို့ဟာ ပရီးမီးယားလိဂ် ချန်ပီယံနဲ့ ချန်ပီယံလိဂ် ချန်ပီယံတို့ ဖြစ်ကြလိမ့်မယ်လို့ ခန့်မှန်းသွားခဲ့ပါတယ်။

အသက် ၃၃နှစ် အရွယ် ဂျာမဏီ လက်ရွေးစင် ကွင်းလယ်လူဟောင်း မီဆွတ် အိုဇေးလ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ အာဆင်နယ်ကနေ ဖီနာဘာချီထံ ပြောင်းရွှေ့ခဲ့ပြီး ဖီနာဘာချီရဲ့ အဓိက ကစားသမား တဦး အဖြစ် ခြေစွမ်းပြ ကစားနေသူလည်း ဖြစ်ပါတယ်။

Photo Credit: Standard

ပရီးမီးယားလိဂ် အင်အားကြီးအသင်း နှစ်သင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးနဲ့ လီဗာပူးတို့ဟာ ယခုနှစ် ဘောလုံးရာသီရဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေကို ဗိုလ်စွဲနိုင်ဖို့ ရေပန်းအစားဆုံး အသင်းတွေ ဖြစ်နေကြပြီး နှစ်သင်းစလုံးက အမှတ်ပေးပြိုင်ပွဲမှာ ရမှတ် ၁မှတ်သာ ကွာဟနေသလို ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲမှာလည်း ထိပ်တိုက် တွေ့ဆုံနိုင်တဲ့ အခြေအနေတွေ ရှိနေပါတယ်။

ပရီးမီးယားလိဂ်ပြိုင်ပွဲနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာ အစွမ်းပြ ကျင်လည်ခဲ့ဖူးတဲ့ မီဆွတ် အိုဇေးလ်ကတော့ မန်ချက်စတာ စီးတီးနဲ့ လီဗာပူးတို့ဟာ ဥရောပရဲ့ ထိပ်သီးအသင်းတွေ ဖြစ်ကြပြီး ခြေစွမ်းပိုင်း ပိုမို တည်ငြိမ်တဲ့ မန်ချက်စတာ စီးတီးက အမှတ်ပေး ချန်ပီယံဆုကို ရရှိဖို့ အခွင့်အလမ်း များနေသလို သမိုင်းကြောင်း အစဉ်အလာ ကြီးမားတဲ့ လီဗာပူးဟာ ချန်ပီယံလိဂ် ဆုဖလားကို ရယူနိုင်ကြောင်း ခန့်မှန်း သုံးသပ်သွားခဲ့ပါတယ်။

Photo Credit: Standard

အိုဇေးလ်က နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sports Bible သတင်းဌာနက ပြုလုပ်ခဲ့တဲ့ Poll တခုမှာ ပရီးမီးယားလိဂ် ချန်ပီယံ အဖြစ် မန်ချက်စတာ စီးတီးနဲ့ ချန်ပီယံလိဂ် ချန်ပီယံ အဖြစ် လီဗာပူးတို့ကို ရွေးချယ်ခဲ့တာ ဖြစ်ပြီး ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲမယ့် အသင်းအဖြစ် အင်္ဂလန်ကို ရွေးချယ်ခဲ့ပါသေးတယ်။