ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ အာဆင်နယ်အသင်းဟာ သူတို့အသင်းရဲ့လုပ်ခလစာ အမြင့်မားဆုံး ကစားသမား ဖြစ်တဲ့ ကွင်းလယ် တိုက်စစ် ကစားသမား မီဆွတ် အိုဇေးလ်ကို အသင်းရဲ့ ပရီးမီးယားလိဂ် လူစာရင်းကနေ ချန်လှပ်ခဲ့ကြောင်း လန်ဒန်မြို့ အခြေစိုက် သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ အိုဇေးလ်ဟာ အာဆင်နယ်အသင်း ကနေ တစ်ပတ်လုပ်ခ ပေါင် ၃၅၀၀၀၀ အထိ ရရှိနေသူ တစ်ဦးဖြစ်ပေမယ့် နောက်ဆုံး ၈လအတွင်းမှာ အသင်းအတွက် တစ်ပွဲမှ ပါဝင် ကစားခဲ့ရခြင်း မရှိသလို အသင်းရဲ့ ယူရိုပါလိဂ် လူစာရင်းကနေလည်း ချန််လှပ်ခံခဲ့ရပါတယ်။

Photo Credit: Express

ဒါ့ကြောင့် ယခုတစ်ခါ ပရီးမီးယားလိဂ် လူစာရင်းကနေသာ ချန်လှပ်ခံရပါက အိုဇေးလ်ဟာ ဇန်နဝါရီလ အထိ အာဆင်နယ်အသင်း အတွက် ပါဝင် ကစားပေးနိုင်တော့မှာ မဟုတ်ပါဘူး။ လန်ဒန်မြို့ အခြေစိုက် သတင်းဌာန အများစုကတော့ အာဆင်နယ်အသင်းဟာ သူတို့အသင်းရဲ့ ပရီးမီးယားလိဂ် လူစာရင်းမှာ အိုဇေးလ်နဲ့ ဂရိ နောက်ခံလူ ဆိုကရာတစ်တို့ကို ချန်လှပ်ခဲ့ကြောင်း ဖော်ပြသွားကြပြီး အိုဇေးလ်နဲ့ ဆိုကရာတစ်တို့ဟာ အာဆင်နယ်အသင်း အတွက် ထပ်မံကစားရဖွယ် မရှိတော့ကြောင်းလည်း သုံးသပ် သွားကြပါတယ်။ အိုဇေးလ်နဲ့ ဆိုကရာတစ်တို့ဟာ လက်ရှိ ဘောလုံးရာသီ ကုန်ဆုံးချိန်မှာ အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ကစားသမားတွေလည်း ဖြစ်ပါတယ်။

Photo Credit: Express

ထွက်ပေါ်လာတဲ့ သတင်းတွေ အရတော့ အာဆင်နယ်အသင်းရဲ့ နည်းပြဖြစ်သူ အာတီတာဟာ ဗဟို နောက်ခံလူ နေရာမှာ ကစားသမားတွေ များပြားနေတာကြောင့် ဆိုကရာတစ်ကို စိတ်လိုလက်ရ ချန်လှပ်ခဲ့တာ ဖြစ်ပေမယ့် အိုဇေးလ်ကိုတော့ လစာငွေ လျှော့မယူတဲ့ ကိစ္စကြောင့် ချန်လှပ်ခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။ တချို့ သတင်းဌာနတွေ မှာတော့ အိုဇေးလ်နဲ့ အာဆင်နယ်အသင်း ဘုတ်အဖွဲ့ကြားက သဘောထား တင်းမာမှုတွေဟာ အိုဇေးလ်ကို အာဆင်နယ်အသင်းနဲ့ ဝေးကွာစေတာ ဖြစ်ကြောင်း ဖော်ပြထားကြသလို အိုဇေးလ် နဲ့ အာဆင်နယ်အသင်းရဲ့ ဘုတ်အဖွဲ့ဟာ ဇန်နဝါရီလမှာ လစာငွေနဲ့ ပတ်သတ်ကာ ထပ်မံ ဆွေးနွေးဦးမှာ ဖြစ်ပြီး အဆိုပါ ဆွေးနွေးပွဲမှာ အိုဇေးလ်ကသာ လစာငွေ လျှော့ယူဖို့ ဆုံးဖြတ်ခဲ့ပါက အိုဇေးလ်ကို အသင်းရဲ့ လူစာရင်းမှာ ပြန်လည် ထည့်သွင်းသွားဖွယ် ရှိကြောင်း ဆိုထားပါတယ်။