ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီး အသင်း တစ်သင်းဖြစ်တဲ့ အာဆင်နယ်အသင်းရဲ့ ဂျာမန် ကွင်းလယ် တိုက်စစ် ကစားသမား မီဆွတ်အိုဇေးလ် ဟာ မတ်လ ၇ရက်နေ့မှ စတင်ကာ အာဆင်နယ် အသင်း အတွက် ပွဲတွေ မကစားခဲ့ရပေမယ့် အဆိုပါ အချိန်မှ စတင်ကာ လက်ရှိအချိန်အထိ အသင်းထံကနေ စုစုပေါင်း ပေါင် ၁၈.၇၅ သန်း အထိ ငွေကြေး ရရှိထားကြောင်း သိရပါတယ်။ အသက် ၃၁နှစ်အရွယ် ဂျာမန် ကွင်းလယ် တိုက်စစ် ကစားသမား အိုဇေးလ်ဟာ အာဆင်နယ်အသင်းရဲ့ လုပ်ခလစာ အမြင့်ဆုံး ရရှိထားသူ ဖြစ်ပြီး တစ်ပတ်လုပ်ခ ပေါင် ၃၅၀၀၀၀ အထိ ရရှိနေကာ သူ့ရဲ့ စာချုပ်သက်တမ်း ကတော့ ၂၀၂၁ ခုနှစ် ဇွန်လအကုန်မှာ ကုန်ဆုံးမှာလည်း ဖြစ်ပါတယ်။

Photo Credit: Metro

အိုဇေးလ်ဟာ တစ်ချိန်က အာဆင်နယ်အသင်းရဲ့ အဓိက ကစားသမား တစ်ဦး ဖြစ်ခဲ့ပေမယ့် အာစင်ဝင်းဂါး ထွက်သွားပြီး နောက်မှာ ပုံမှန် ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရသူ တစ်ဦး ဖြစ်ကာ အသင်းထံ အာတီတာ ရောက်ရှိလာပြီးတဲ့ နောက်မှာတော့ အသင်းရဲ့ လူစာရင်းမှာတောင် ပါဝင်ခြင်း မရှိတော့ပါဘူး။ ဒါ့အပြင် အိုဇေးလ်ဟာ ယခုနှစ် ယူရိုပါလိဂ် အုပ်စုအဆင့်အတွက် အာဆင်နယ်အသင်းက တင်သွင်းခဲ့တဲ့ အသင်းရဲ့ လူစာရင်းမှာ ပါဝင်ခဲ့ခြင်း မရှိသလို ပရီးမီးယားလိဂ် လူစာရင်း ကနေလည်း ချန်လှပ်ခံရဖွယ် ရှိကြောင်း လန်ဒန်မြို့ အခြေစိုက် သတင်းဌာနတွေက ဖော်ပြ ခဲ့ကြပါတယ်။ အိုဇေးလ်ဟာ အာဆင်နယ်အသင်း အတွက် အချိန်အတော်ကြာအောင် မကစားခဲ့ရပေမယ့် ပြီးခဲ့တဲ့ စက်တင်ဘာလမှာတော့ အသင်းထံကနေ သစ္စာရှိကြေး ပေါင် ၈သန်း လက်ခံ ရရှိခဲ့ကြောင်း သိရပါတယ်။

Photo Credit: Metro

ဒါ့အပြင် အိုဇေးလ်ဟာ မတ်လ ၇ရက်နေ့ နောက်ပိုင်းမှာ အာဆင်နယ်အသင်း အတွက် ကစားခွင့် မရတော့ပေမယ့် အသင်းဟာ သူ့ကို လစာငွေအဖြစ် ပေါင် ၁၀.၇၅သန်းအထိ ပေးချေထားရကြောင်း ESPN သတင်းဌာနက ဖော်ပြ ထားခဲ့ပါတယ်။ ဒါ့ကြောင့် အိုဇေးလ်ဟာ အာဆင်နယ် အသင်းအတွက် ၇လကျော် မကစားခဲ့ရပေမယ့် စုစုပေါင်း ပေါင် ၁၈.၇၅ သန်းအထိ အသင်းထံကနေ ရရှိထားပြီး အသင်းဘက်က အိုဇေးလ်ကို လစာလျှော့ယူဖို့ ကမ်းလှမ်းထားပေမယ့် အိုဇေးလ်ကတော့ အာဆင်နယ်အသင်းရဲ့ ကမ်းလှမ်းမှုကို ပယ်ချထားပါတယ်။ လန်ဒန်မြို့ အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ အိုဇေးလ်ဟာ အာဆင်နယ်အသင်းက သူ့အပေါ် ဆက်ဆံခဲ့တဲ့ အပြုအမူတွေကို သဘောမကျတာကြောင့် အသင်းမှာ စာချုပ်ကုန်တဲ့ အချိန်အထိ ဆက်နေသွားဖို့ ဆုံးဖြတ်ထားကြောင်း သိရပါတယ်။