အာဆင်နယ်အသင်းနဲ့ စာချုပ်ဖျက်သိမ်းပြီးနောက် ငယ်စဉ်ကတည်းကနေ အားပေးလာခဲ့ရတဲ့ ဘောလုံးအသင်းတစ်သင်းဖြစ်တဲ့ တူရကီထိပ်တန်းကလပ် ဖီနာဘာချီအသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တဲ့ ဂျာမန်ကွင်းလယ်ဖန်တီးရှင်ကစားသမား မက်ဇွတ်အိုဇေးဟာ တကယ်တော့ လုပ်ခလစာကို မြင့်မားစွာ ရရှိလေ့ရှိတဲ့ ထိပ်တန်းကစားသမားတစ်ယောက် ဖြစ်ပေမယ့်လည်း သူရဲ့အသင်းသစ်ဖြစ်တဲ့ ဖီနာဘာချီဘက်က အဆင်ပြေနိုင်စေဖို့အတွက် သူရဲ့လုပ်လလစာကို (၆၇၀၀၀)အထိသာ ရယူသွားမယ်လို့ သိရှိရပါတယ်။

Photo Credit : Daily Cannon

အသက်(၃၂)နှစ်အရွှယ်ရှိ ဂျာမန်လက်ရွေးစင်ဟောင်း ကွင်းလယ်ကစားသမား အိုဇေးဟာ သူရဲ့အသင်းဟောင်းဖြစ်ခဲ့တဲ့ အာဆင်နယ်မှာ စံချိန်တင်လောက်တဲ့အထိကို တစ်ပတ်လုပ်ခ ပေါင်(၃၅၀၀၀၀)အထိကို ရရှိခဲ့တာဖြစ်ပေမယ့်လည်း သူရဲ့အခု အသင်းသစ်ဖြစ်လာတော့မယ့် ဖီနာဘာချီကတော့ အာဆင်နယ်မှာ အိုဇေးရရှိနေတဲ့ လုပ်ခလစာအတိုင်း ပေးချေသွားဖို့က ဘယ်လိုမှမဖြစ်နိုင်တဲ့အတွက် ကိုဗစ်ဂယက်ကြောင့်လည်း အသင်းရဲ့ဘဏ္ဍာရေးအခြေအနေက သိပ်ခိုင်မာမှု မရှိတာကြောင့် အာဆင်နယ်မှာ ရယူနိုင်ခဲ့တဲ့ လစာမျိုးထက် (၈၀)%လောက်အထိကို လျော့ယူပေးခဲ့ရတာဖြစ်ပါတယ်။

Photo Credit : Football.London

ဂျာမနီလက်ရွေးစင်အသင်းနဲ့ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့ဖူးတဲ့ ရီးရဲလ်မက်ဒရစ် ကွင်းလယ်ကစားသမားဟောင်းအိုဇေးဟာ ဖီနာဘာချီအသင်းမှာ လုပ်ခလစာ အနည်းငယ်လောက်ကိုပဲ ရယူသွားမှာဖြစ်ပေမယ့်လည်း တကယ်လို့ ဖီနာဘာချီကို ၂၀၁၄ခုနှစ်နောက်ပိုင်းကတည်းက ဝေးကွာလို့နေတဲ့ တူရကီအမှတ်ပေးချန်ပီယံဆုကို ပြန်လည်ရယူပေးနိုင်မယ်ဆိုရင်တော့ အိုဇေးအနေနဲ့ အပိုဆုကြေးအဖြစ် ပေါင်(၄)သိန်းခွဲလောက်အထိကို ရရှိနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိ တူရကီစူပါလိဂ် အမှတ်ပေးဇယားအတွင်းမှာတော့ ဖီနာဘာချီအသင်းက ဒုတိယနေရာမှာ ရပ်တည်လို့နေပြီး ပထမနေရာကို ရောက်ရှိနေတဲ့ ဘက်စ်ရှီးတက်စ်အသင်းနဲ့ ရမှတ်(၁)မှတ်သာ ကွာဟလို့နေပြီး ဖီနာဘာချီက တစ်ပွဲလျော့လို့နေတဲ့အတွက် အမှတ်ပေးဇယားထိပ်ကို တတ်လှမ်းဖို့ မျှော်လင့်ချက်အားကောင်းလို့နေသလို ချန်ပီယံလိဂ်ပြိုင်ပွဲကြီးဆီကိုလည်း ပြန်လည်ဝင်ရောက်ဆင်နွဲနိုင်ဖို့ကိုပါ မျှော်လင့်လာနိုင်ခဲ့ပြီဖြစ်ပါတယ်။ လက်ရှိမှာတော့ အိုဇေးနဲ့ ဖီနာဘာချီအသင်းရဲ့ အပြောင်းအရွှေ့က အပြီးသတ်နိုင်ခဲ့ပြီဖြစ်ပေမယ့်လည်း တရားဝင်မိတ်ဆက်မှုတွေကိုတော့ လုပ်ဆောင်ရသေးခြင်းမရှိသေးတာကြောင့် အိုဇေးအနေနဲ့ လာမယ့်ဖေဖော်ဝါရီလလောက်မှသာ အသင်းနဲ့အတူ ပါဝင်ကစားရဖွယ် ရှိနေပါတယ်။