လက်ရှိမှာ အသင်းလက်မဲ့ ဖြစ်လို့နေတဲ့ အာဆင်နယ်အသင်းရဲ့ အင်္ဂလန်ကွင်းလယ်ကစားသမားဟောင်း ဂျက်ဝီရှိုင်းယားက အာဆင်နယ်မှာ သူနဲ့တွဲဖက်ကစားခဲ့ဖူးတဲ့ ဂျာမန်ကွင်းလယ်ဖန်တီးရှင် မက်ဇတ်အိုဇေးကို အာဆင်နယ်နည်းပြအာတီတာက အသင်းအတွက် လုံးဝကို အသုံးပြုခြင်းမပြုတဲ့အပေါ် နားမလည်နိုင်အောင်ဖြစ်မိကြောင်းနဲ့ အိုဇေးရဲ့ အရည်အချင်းနဲ့ဆိုရင် ပရီးမီးယားလိဂ်က ဘယ်ကလပ်အသင်းမှာပဲဖြစ်ဖြစ် အံ့ဝင်အောင် ကစားနိုင်မှာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

Photo Credit : Goal

အသက်(၃၁)နှစ်အရွှယ်ရှိ ဂျာမနီလက်ရွေးစင်ဟောင်း ကွင်းလယ်ဖန်တီးရှင်ကစားသမားတစ်ယောက်ဖြစ်တဲ့ အိုဇေးဟာ ၂၀၁၃ခုနှစ်ကတည်းက ရီးရဲလ်မက်ဒရစ်ကနေ အာဆင်နယ်ကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းအတွက် ပွဲပေါင်း(၂၅၄)ပွဲအထိ ပါဝင်ပေးထားခဲ့ကာ သွင်းဂိုး(၄၄)ဂိုးနဲ့ ဂိုးဖန်တီးမှု(၇၇)ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အိုဇေးကို အာဆင်နယ်အသင်းနည်းပြ အာတီတာက မနှစ်ကဘောလုံးရာသီ မတ်လေနောက်ပိုင်းကနေစတင်ပြီး အသင်းရဲ့လူစာရင်းအတွင်းမှာ လုံးဝသုံးစွဲခြင်းမရှိတော့ပဲ အသင်းရဲ့ကစားကွက်ကိုလည်း နံပါတ်(၁၀)နေရာ အသားမပေးတဲ့ပုံစံတွေကိုသာ သုံးစွဲလာခဲ့ပါတယ်။

Photo Credit : Daily Mirror

ဒီအခြေအနေနဲ့ပတ်သက်ပြီး ဝီရှိင်းယားက “လက်ရှိအခြေအနေတွေနဲ့ပတ်သက်ပြီး ကျွန်တော်အတော်လေး အံ့အားသင့်မိခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က သူနဲ့ တွဲဖက်ကစားခဲ့ဖူးပြီးတော့ သူနဲ့တွဲကစားရတာကိုလည်း ကျွန်တော်အရမ်းနှစ်သက်ခဲ့လို့ပါပဲ။ ကျွန်တော်ဒါကို အမှန်တကယ်ကို သဘောကျခဲ့တယ်။ နောက်ပြီး သူက ကျွန်တော်နဲ့ တွဲဖက်ခဲ့ဖူးတဲ့ ကစားသမားတွေထဲမှာဆိုရင်လည်း အကောင်းဆုံးထဲတစ်ယောက်ပါပဲ။ ဒါကြောင့်မို့ ကျွန်တော်အံ့သြနေမိတာ။ ဒါပေမယ့် အသင်းမှုာလည်း ကျွန်တော်တို့တွေ မသိနိုင်သေးတဲ့ အကြောင်းအရာတွေတော့ ရှိနေမှာပါ။ ကျွန်တော်အမြင်အရကို ပြောရမယ်ဆိုရင်တော့ သူက ပရီးမီးယားလိဂ်က ဘယ်ကလပ်အသင်းမှာမဆို အံ့ဝင်အောင် ကစားနိုင်မယ့်သူမျိုးပါ။ အခုက သူအနေနဲ့ ပွဲထွက်ကစားခွင့်တွေ ပြန်လည်ရယူနိုင်ဖို့အတွက် ကြိုးစားအားထုတ်ခွင့်တွေ မရှိနိုင်တော့သလိုဖြစ်နေတာကတော့ တော်တော်လေးကို နားလည်ရခက်ခဲလှပါတယ်။ ဒါပေမယ့်လည်း ဒါတွေနဲ့ပတ်သက်ပြီး အကြောင်းပြချက်တွေတော့ ရှိနေမှာပါ။ ကျွန်တော်တော့ မသိဘူးပေါ့” လို့ The ITV Football Show အစီအစဉ်မှာ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ဒါ့အပြင် ဝီရှိင်းယားက အိုဇေးရဲ့ကစားပုံကို Lazy ဖြစ်လွန်းတယ်လို့ ဝေဖန်နေကြပေမယ့် သူပါဝင်ကစားခဲ့တဲ့ ပွဲတွေပြီးဆုံးချိန်မှာ ပွဲအချက်အလက်တွေကို သေချာလေ့လာကြည့်မယ်ဆိုရင် သူဟာ အသင်းအတွက် ဘယ်လောက်အထိ အရေးပါစွာ ကစားထားလဲဆိုတာကို သိရလိမ့်မယ်လို့ ပြန်လည်တုံ့ပြန်ပြောဆိုခဲ့ပါသေးတယ်။