ဥရောပရဲ့ အင်အားကြီးအသင်းတွေ ဖြစ်ကြတဲ့ ရီးရဲလ်မက်ဒရစ်နဲ့ အာဆင်နယ်တို့မှာ ကစားခဲ့ဖူးသလို လက်ရှိအချိန်မှာ တူရကီ အင်အားကြီးကလပ် ဖီနာဘာချီရဲ့ ကစားသမားလည်း ဖြစ်တဲ့ မီဆွတ် အိုဇေးလ်က ယခုနှစ်ရဲ့ ရွှေဘောလုံးဆုကို သူ့ရဲ့ အသင်းဖော်ဟောင်း ကာရင် ဘန်ဇီမာကသာ ရရှိသင့်ကြောင်း ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ စီးတီး ၄-၃ ရီးရဲလ်မက်ဒရစ် ပွဲစဉ်အပြီးမှာပဲ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ လက်ရှိ ချန်ပီယံ မန်ချက်စတာ စီးတီးနဲ့ စပိန်လာလီဂါ လက်ရှိချန်ပီယံ ရီးရဲလ်မက်ဒရစ်တို့ဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ အဖြစ် ယနေ့မနက် အစောပိုင်းမှာပဲ မန်ချက်စတာ စီးတီးရဲ့ အိမ်ကွင်း အီတီဟတ်မှာ ယှဉ်ပြိုင် ကစားခဲ့ကြရာ အိမ်ရှင် မန်ချက်စတာ စီးတီးက ခြေစွမ်းပိုင်း အသာစီးနဲ့အတူ ၄-၃ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

Photo Credit: Marca

အင်္ဂလန်မြေမှာ ကစားခဲ့တဲ့ အဆိုပါပွဲစဉ်မှာ နှစ်သင်းစလုံးရဲ့ ခြေစွမ်းပိုင်းက များစွာ ကွာခြားခြင်း မရှိသလို ဧည့်သည် ရီးရဲလ်မက်ဒရစ်ဘက်က အသင်းခေါင်းဆောင်လည်းဖြစ် ၊ ဝါရင့် တိုက်စစ်မှူးလည်း ဖြစ်တဲ့ ဘန်ဇီမာရဲ့ ထူးရှယ် ခြေစွမ်းကောင်းတွေနဲ့အတူ အိမ်ရှင် မန်ချက်စတာ စီးတီးကို ပွဲပြီးဆုံးသည်အထိ စိတ်ဒုက္ခ ပေးနိုင်ခဲ့ပါတယ်။

အသက် ၃၄နှစ် အရွယ် ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူး ကာရင် ဘန်ဇီမာဟာ ဘောလုံးသမား တယောက် အတွက် နေဝင်ချိန်လို့ ပြောရမယ့် အသက်အရွယ်ကို ရောက်ရှိနေပေမယ့် ယခုအချိန်အထိ အကောင်းဆုံး ခြေစွမ်းတွေကို ပိုင်ဆိုင်ထားဆဲ ဖြစ်သလို ယခုနှစ် ဘောလုံးရာသီမှာလည်း ရီးရဲလ်မက်ဒရစ် အတွက် ပြိုင်ပွဲစုံ ၄၁ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၄၁ဂိုး သွင်းယူထားနိုင်ပြီး ဂိုးဖန်တီးမှု ၁၃ကြိမ် အထိ ပြုလုပ်ထားနိုင်ပါတယ်။

Photo Credit: Marca

ဒါကြောင့်ပဲ ဘောလုံးပရိသတ် အများစုက ယခုနှစ်ရဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမားဟာ ဘန်ဇီမာပဲလို့ တညီတညွတ်ထဲ ပြောနေကြသလို ဘန်ဇီမာရဲ့ အသင်းဖော်ဟောင်း တဦး ဖြစ်တဲ့ မီဆွတ် အိုဇေးလ်ကလည်း ဘန်ဇီမာကသာ ယခုနှစ်ရဲ့ ရွှေဘောလုံးဆုနဲ့ ထိုက်တန်သူပါလို့ ဆိုလာပါတယ်။

အိုဇေးလ်က – “တကယ်ကို ကောင်းတဲ့ ပွဲတပွဲပဲ။ ငါ့ကောင်ကြီး ဘန်ဇီကို ရွှေဘောလုံးဆု ပေးလိုက်ပါတော့” လို့ မန်ချက်စတာ စီးတီး ၄-၃ ရီးရဲလ်မက်ဒရစ် ပွဲစဉ်အပြီးမှာ သူ့ရဲ့ လူမှုကွန်ယက်အကောင့် ကနေ မှတ်ချက်ပြု ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။