အာဆင်နယ် အသင်း ရဲ့ တစ်ချိန်က အဓိက ကွင်းလယ်တိုက်စစ် ကစားသမား တစ်ဦး ဖြစ်ခဲ့တဲ့ မီဆွတ် အိုဇေးလ် က အာဆင်နယ် အသင်း ကစားသမားတွေ အနေနဲ့ နည်းပြကြီး အာဆင်ဝင်းဂါး ကို လွမ်းနေတာ ဖြစ်နိုင်ကြောင်း လူမှု ကွန်ယက်စာမျက်နှာတစ်ခု ဖြစ်တဲ့ Twitter မှာ ပြောဆိုခဲ့ပါတယ်။ ပြင်သစ်လူမျိုး နည်းပြကြီး တစ်ဦးဖြစ်တဲ့ အာဆင်ဝင်းဂါး ဟာ အာဆင်နယ် အသင်းကို ၁၉၉၆ စက်တင်ဘာလ ကနေ ၂၀၁၈ မေလ အထိ ၂၂ နှစ်ကြာအောင် ကိုင်တွယ် နည်းပြခဲ့ပြီးတော့ အသင်းကို ပရီးမီးယားလိဂ် ဖလား သုံးကြိမ် ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။ သူ့ရဲ့ နေရာကို ဆက်ခံခဲ့တဲ့ အူနိုင်းအမ်မရီ ကိုလည်း အာဆင်နယ် အသင်း က ၂၀၁၉ နိုဝင်ဘာလ မှာ ထုတ်ပယ်ခဲ့ပြီးတော့ အသင်းရဲ့ ကစားသမားဟောင်း ဖြစ်သူ အာတီတာ ကို ခန့်အပ်ခဲ့ပါတယ်။

Photo Credit: Daily Mail

အာတီတာ အနေနဲ့ ယခုလက်ရှိရာသီမှာ အသင်းကို ကိုင်တွယ်ပုံတွေက အားရစရာ အနေအထားမှာ ရှိမနေတဲ့ အပြင် အသင်းရဲ့ အမှတ်ပေးဇယား ရပ်တည်မှု ကလည်း အဆင့် ၁၅ နေရာအထိ ရောက်ရှိနေကာ တန်ဆင်းဇုန် နဲ့ အတော်လေး နီးကပ်နေပြီ ဖြစ်ပါတယ်။ နည်းပြ အာတီတာ ဟာ အသင်းရဲ့ အဓိက ကစားသမား ဖြစ်တဲ့ အိုဇေးလ် ကို ဒီရာသီ ပရီးမီးယားလိဂ် ၂၅ ယောက်လူစာရင်းမှာကော၊ ယူရိုပါလိဂ်ပြိုင်ပွဲ လူစာရင်း ကနေပါ ချန်လှပ်ခဲ့တာ ကြောင့် ပရိသတ်တွေရဲ့ အကြီးအကျယ် ဝေဖန်မှုကိုလည်း ခံခဲ့ရပါသေးတယ်။ ဒါပေမယ့်လည်း အိုဇေးလ်ကတော့ အခုလက်ရှိအချိန်ထိ တစ်ပတ်ကို ပေါင် ၃၅၀,၀၀၀ နဲ့ အသင်းမှာ လစာ အများဆုံးကစားသမား အဖြစ် ရှိနေသေးတာ ဖြစ်ပါတယ်။ Twitter မှာ ပရိသတ်တစ်ယောက်က အိုဇေးလ် ကို အာဆင်ဝင်းဂါးကို ဖခင်တစ်ဦး အဖြစ် မြင်မိလား ဆိုပြီး မေးထားခဲ့ပါတယ်။ အဲ့ဒါကို အိုဇေးလ်က အခုလိုပဲ ဖြေကြားခဲ့ပါတယ်။

Photo Credit: Daily Mail

“ အာဆင်း (အာဆင်ဝင်းဂါး) က အတော်လေး တော်တဲ့ နည်းပြ တစ်ဦးပါ။ ဟုတ်တာပေါ့။ သူက ကျွန်တော့် အတွက်ကော၊ တစ်ခြား ကစားသမားတွေ အတွက်ကော ဖခင် တစ်ဦးလိုပါပဲ။ အာဆင်နယ်မှာ ရှိတဲ့ ကစားသမားအများစု အနေနဲ့ သူ့ကို လွမ်းနေကြမယ်လို့ ကျွန်တော် ထင်ပါတယ် ” လို့ ပြန်ဖြေခဲ့ပါတယ်။ ဆက်လက်ပြီး နောက်ထပ် ပရိသတ်‌တစ်ဦးက အိုဇေးလ် ကို အသင်းမှာ ပျော်ရွှင်လျက် ရှိရဲ့လားဆိုပြီး မေးခဲ့တဲ့ အခါမှာတော့ အိုဇေးလ်က သူ့အနေနဲ့ အသင်းကို ကူညီခွင့်ရရင် ကူညီချင်ကြောင်း ဖွင့်ဟခဲ့ပါတယ်။ “ ကျွန်တော့် အတွက်တင် မဟုတ်ပါဘူး။ အခုချိန်က အသင်းမှာ ရှိကြတဲ့ ကစားသမားတိုင်း အတွက် အလွန် ခက်ခဲတဲ့ အချိန်တစ်ခုပါပဲ။ အခြေအနေက ကစားသမားတိုင်း အတွက် ခက်ခဲစေပါတယ်။ ဒါပေါ့၊ ကျွန်တော် အခုချိန်မျိုးမှာ အသင်းကို ကူညီချင်တာပေါ့။ ဒါပေမယ့် ကျွန်တော့်မှာ အခွင့်အရေးမရှိဘူးလေ။ မကြာခင်မှာ ပိုကောင်းတဲ့ ရလဒ်တွေ ထွက်ပေါ်လာဖို့ အတွက်ပဲ‌ မျှော်လင့်ပါတယ်။ အခုတော့ အကောင်းမြင်ကြရအောင် ” လို့ ပြန်လည် ဖြေကြားပေးထားခဲ့ပါတယ်။