အာဆင်နယ် အသင်းရဲ့ ကွင်းလယ်တိုက်စစ် ကစားသမား တစ်ဦး ဖြစ်တဲ့ မက်ဆု အိုဇေးလ် ရဲ့ အေးဂျင့် ဖြစ်သူ အားကပ် ဆိုးဂတ် ဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာ ဖြစ်ပေါ်လာနိုင်တဲ့ အိုဇေးလ် ရဲ့ အနာဂါတ်နဲ့ ပတ်သက်ပြီး ဖွင့်ဟ ပြောဆိုခဲ့ပါတယ်။ အိုဇေးလ်နဲ့ အာဆင်နယ် အသင်းကြား ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ရာသီကုန်ရင် ကုန်ဆုံးတော့မှာ ဖြစ်သလို ကစားသမားအနေနဲ့ကလည်း လူစာရင်းကနေ ထုတ်ပယ်ခံခဲ့ရတာကြောင့် အသင်းနဲ့ စာချုပ်သစ်ချုပ်ဆို ဖြစ်ဖို့က မသေချာသလောက် နီးပါး ရှိနေတာ ဖြစ်ပါတယ်။ အေးဂျင့်ဖြစ်သူ အားကပ် ဆိုးဂတ်က လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာ ကလပ်အသင်း အတော်များများက အိုဇေးလ် ကို ခေါ်ယူဖို့ အတွက် စိတ်ဝင်စားနေတယ်လို့ အတည်ပြု ပြောဆိုခဲ့ပါတယ်။

Photo Credit: Football London

အိုဇေးလ်ဟာ ၂၀၁၃ ခုနှစ် ရီးရဲလ်မက်ဒရစ် အသင်းကနေ အာဆင်နယ် အသင်းကို ရောက်ရှိလာတဲ့ အချိန်က စတင်ပြီးတော့ အာဆင်နယ် အသင်းအတွက် အဓိက ကစားသမား တစ်ဦး အဖြစ် ကစားပေးခဲ့ပေမယ့်လည်း အာဆင်နယ်အသင်းကို အာတီတာ စတင် ကိုင်တွယ်တဲ့ အချိန်က စတင်ပြီးတော့ အသင်းရဲ့ ပရီးမီးယားလိဂ် လူစာရင်းကနေကော၊ ယူရိုပါလိဂ် လူစာရင်းကနေကောပါ ချန်လှပ်ခံခဲ့ရပါတယ်။ ဒါကြောင့်မို့ အိုဇေးလ် အနေနဲ့ မတ်လ ၇ ရက်က စတင်ပြီး ပွဲစဉ် တစ်ပွဲမှ မကစားထားရတဲ့ အခြေအနေ ဖြစ်ပါတယ်။ နည်းပြ အာတီတာ အနေနဲ့ အိုဇေးလ် ကို လူစာရင်းကနေ ထုတ်ပယ်ခဲ့ရတာဟာ နည်းစနစ်ပိုင်း ဆိုင်ရာ ဆုံးဖြတ်ချက်အရ လို့ ပြောထားပေမယ့်လည်း သတင်းအတော်များများရဲ့ အဆိုအရတော့ အာတီတာ အနေနဲ့ အိုဇေးလ် ကို လူချင်းတွေ့ပြီး ‌ဆွေးနွေးဖို့ကိုတောင် အကြိမ်ကြိမ် ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။ အားကပ် ဆိုးဂတ်က တခြားအသင်းတွေဟာ အိုဇေးလ်ကို ခေါ်ယူဖို့ စိတ်ဝင်စားမှုတွေ ရှိနေပေမယ့်လည်း အိုဇေးလ် ကတော့ အသင်းပေါ်မှာ အခုချိန်ထိတိုင်အောင် သစ္စာရှိနေသေးတယ်လို့ ဖွင့်ဟခဲ့ပါတယ်။

Photo Credit: Football London

“ တစ်ရက်ဆိုရင်တောင် ဘောလုံးလောကမှာ အကြာကြီးလိုပါပဲ။ ဒါပေါ့၊ သူ့ကို ခေါ်ချင်နေတဲ့ အသင်း အတော်များများ ရှိပါတယ်။ ဒါပေမယ့် သူ့ရဲ့ စာချုပ်အပေါ်ကို လေးစားပြီး စိတ်အားထက်သန် နေတာတော့ မပြောင်းလဲသေးပါဘူး။ မက်ဆု ကစားခွင့်မရတာက အလွန် နှမြောစရာကောင်းပါတယ်။ လူတိုင်းက သူ့ရဲ့ လခ ကိုပဲ အာရုံစိုက်နေကြတယ်။ ဘာလို့ အဲ့ဒီလို အာရုံစိုက်နေကြလဲဆိုတာ ကျွန်တော် နားလည်ပါတယ်။ ဒါပေမယ့် ပုဂ္ဂိုလ်ရေးဆိုင်ရာ အမြင်အရ ဆိုရင် အဲ့ဒါက သူ့ရဲ့ အရည်အချင်းနဲ့ ဖန်တီးနိုင်စွမ်းတွေကို ဖြုန်းတီး ပစ်သလို ဖြစ်‌နေတယ်လို့ ထင်တယ်။ နွေရာသီအပြောင်းအရွှေ့ မတိုင်ခင် ရက်အနည်းငယ်လောက်က ကျွန်တော် အာဆင်နယ် အသင်း တာဝန်ရှိသူတွေ နဲ့ စကားပြောဖြစ်ခဲ့တယ်။ကျွန်တော် သူတို့ကို မက်ဆု ရဲ့ အသင်းမှာ ဆက်နေချင်သေးတယ်ဆိုတဲ့ သဘောထားတွေ၊ သူ အသင်းကို ဘယ်လောက် ချစ်ကြောင်းတွေ ပြောခဲ့ပေမယ့်လည်း သူတို့က ကျွန်တော့်ကို မက်ဆုက စာရင်းမှာ မပါဝင်ဘူးဆိုတာကို ပြန်မပြောခဲ့ပါဘူး။ အခုဆိုရင် သူက အရင်ကထက်တောင် လေ့ကျင့်ခန်းတွေ လုပ်ဖြစ်နေပါတယ်။ သူ့အိမ်မှာလည်း gym ရှိသလို၊ သူ့ရဲ့ ခြံထဲ နဲ့ ကားဂိုဒေါင်တွေ ထဲမှာတောင် သူ လေ့ကျင့်နေပါတယ်။ သူ အသင်းနဲ့ လေ့ကျင့်ရေးဆင်းခွင့် မရပေမယ့် အိမ်မှာ တစ်ယောက်တည်း လေ့ကျင့်နေပါတယ်။ ဒါက သူ့ရဲ့ ပရော်ဖက်ရှင်နယ် ဆန်မှုကို ဖော်ပြနေသလိုပါပဲ။ နိုဝင်ဘာလတုန်းကလည်း သူ့ရဲ့ ကိုယ်ပိုင် M10 Street Wear ဘရန်း ကို နိုင်ငံပေါင်း ၇၀ နိုင်ငံမှာ ရောင်းချနိုင်ခဲ့တယ်။ ဒါက တစ်ကမ္ဘာလုံးမှာ သူ့ရဲ့ ပရိသတ်ဘယ်လောက်များနေတယ် ဆိုတာ ဖော်ပြနေပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။