လီဗာပူးလ်နဲ့ အင်္ဂလန် ကစားသမားဟောင်း မိုက်ကယ် အိုဝင်က လီဗာပူးလ်အသင်းအနေနဲ့ အဓိက ကစားသမား မိုဟာမက် ဆာလာကို သက်တမ်းတိုးမြှင့်နိုင်ဖို့ အသေအချာ ကြိုးပမ်းသင့်ပြီး စာချုပ်သက်တမ်းတိုးခြင်းဆိုင်ရာ မူဝါဒတွေကိုလည်း ပြောင်းလဲလိုက်သင့်တယ်လို့ အကြံပြု တိုက်တွန်းလိုက်ပါတယ်။
လာမယ့် ဇွန်လမှာ ဆာလာ အပါအဝင် ဗန်ဒိုက် အာနိုးတို့လို လီဗာပူးလ် အဓိက ကစားသမားတွေက အသင်းနဲ့ စာချုပ်သက်တမ်းတွေ ကုန်ဆုံးကြတော့မှာဖြစ်ပြီး ဒီရက်ပိုင်းအတွင်းမှာပဲ အာနိုးက ရီးယဲလ် မက်ဒရစ်အသင်းဆီ (၅)နှစ်စာချုပ်နဲ့ ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက် ရရှိထားခဲ့ပြီလို့ သတင်းထွက်လာပါသေးတယ်။
Photo Credit : Premier League
ဆာလာဟာလည်း ဒီရာသီမှာ လီဗာပူးလ်အတွက် ပြိုင်ပွဲစုံ (၄၃)ပွဲ ကစားထားခဲ့ရင်း (၃၂)ဂိုး သွင်းယူပေးထားသလို (၂၂)ဂိုးအထိလည်း ဂိုးဖန်တီးမှု ပြုလုပ်ထားပါတယ်။ ဒီလို တောက်ပနေတဲ့ ဆာလာက လီဗာပူးလ်နဲ့သာ ကစားသမားဘဝကို ဆက်လက် ဖြတ်သန်းချင်နေမယ်လို့ အိုဝင်က ယုံကြည်နေပြီး ဒါကို အသင်းအနေနဲ့ စာချုပ်ဆိုင်ရာ မူဝါဒတွေကို ပြန်လည် စဉ်းစားဖို့ လိုတယ်လို့ အလေးထားပြောခဲ့ပါတယ်။
“မိုဆာလာက စိတ်ဝင်စားစရာပဲ။ ကျွန်တော် ထင်တာက မိုဆာလာက ဆက်နေချင်တယ်။ တကယ် သူ ဆက်နေချင်တယ်ဆိုတာ သေချာသလောက်ပဲ။ လီဗာပူးအနေနဲ့ စည်းမျဉ်းတွေကို နည်းနည်းလောက် ပြောင်းလဲရလိမ့်မယ်လို့ ထင်တယ်။ သူတို့က ဒီအသက်အရွယ် ကစားသမားတွေအတွက် စာချုပ်သက်တမ်းကို (၂)နှစ်ပဲ ပေးမယ်လို့ ပြောနိုင်တယ်။”
Photo Credit : talkSPORT
“ဒါပေမယ့် သူက သာမန်ကစားသမား မဟုတ်ဘူး။ သူက ကြံ့ခိုင်မှု အပြည့်ရှိတယ်။ အားကစားနဲ့ မြှုပ်နှံထားသူဖြစ်ပြီး Gym မှာ နေထိုင်တယ်။ အရမ်းကို ပရော်ဖက်ရှင်နယ်ဆန်တယ်။ နောက် (၃)နှစ် (၄)နှစ်မှာ သူ အခုလက်ရှိ အဆင့်မှာ မရှိတော့မယ်လို့ ဘယ်သူမှ မပြောနိုင်ဘူး။ သူက မယုံနိုင်လောက်အောင် ထူးချွန်တယ်။ ဒါကြောင့် ကျွန်တော်ကတော့ စည်းမျဉ်းတွေ ပြောင်းလဲပြီး၊ သူ့ကို စာချုပ်ပေးမယ်။ စာချုပ်သက်တမ်းကိုလည်း ပေးမယ်။ ကျွန်တော်က သူ လိုချင်တာပေးလိုက် သူက ထူးချွန်တယ်၊ သူနဲ့ လိဂ်ဖလား ရမယ်လို့ ပြောတဲ့ ပရိသတ်မျိုး မဟုတ်ဘူး။ မဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ အသင်းကို အန္တရာယ်မှာ ထားလို့ မရဘူး။ ဒါပေမယ့် အခု အဆင့်ကို မရောက်သေးဘူးလို့ ထင်တယ်” လို့ အိုဝင်က ပြောခဲ့ပါတယ်။
“သူ့ကို အစားထိုးဖို့ဆိုရင် အများကြီး ပိုကုန်ကျမယ်။ အသင်းမှာပဲ ဆက်ထိန်းထားမယ်ဆိုရင် သူ့အတွက် အပြောင်းအရွှေ့ကြေး ပေးစရာ မလိုတော့ဘူး။” လို့ အိုဝင်က ထပ်ပြောပါတယ်။ “ဒါကြောင့် သူ့ကို ဆက်ထိန်းထားဖို့ ဘာပဲလုပ်ရလုပ်ရ လုပ်မယ်။ သူ ဆက်နေချင်တယ်လို့ ထင်တယ်။ ဒါပေမယ့် သတင်းရင်းမြစ်တွေအရ သူတို့ အခု အတော် လှမ်းကွာနေသေးတယ်လို့ သိရတယ်” လို့ ဆိုပါတယ်။